ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်မဲခွဲမှု တရုတ်နှင့်ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချ

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်မဲခွဲမှု တရုတ်နှင့်ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချ
By Mr John

ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြား ဆက်တိုက်လုပ်ဆောင်နေသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုများ တင်းကျပ်လုပ်ဆောင်ရန် ကြိုးပမ်းမှုအဖြစ် လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ တရုတ်နှင့် ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်သည်။

ယခုမဲခွဲမှုရလဒ်မှာ မြောက်ကိုရီးယားကို ၂၀၀၆ ခုနှစ်တွင် အရေးယူပိတ်ဆို့မှုများ စတင်ချမှတ်ခဲ့ချိန်နောက်ပိုင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာသုံးခွင့်ရ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံကြား ပထမဆုံးအကြိမ် သထေားထားကွဲလွဲလည်းဖြစ်လာသည်။



ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ (၁၅) ခုအနက် ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့က ဗီတိုအာဏာသုံးခွင့်ရရှိထားကြသည်။

အမေရိကန်က ဦးဆောင်အဆိုပြုသည့် မြောက်ကိုရီးယားကို နောက်ထပ် အရေးယူပိတ်ဆို့မှုများ ချမှတ်မည့်ဆုံးဖြတ်ချက်ကို မေလ (၂၆) ရက်နေ့က လုံခြုံရေးကောင်စီတွင် မဲခွဲခဲ့ရာ ကျန်အဖွဲ့ဝင် (၁၃) နိုင်ငံက ထောက်ခံမဲပေးခဲ့ကြသည်။



အမေရိကန်က ဦးဆောင်အဆိုပြုသည့် ဆုံးဖြတ်ချက်မူကြမ်းတွင် မြောက်ကိုရီးယားသို့ စီးကရက်အပါအဝင် ဆေးရွက်ကြီးထုတ်ကုန်များနှင့် ရေနံတို့ တင်ပို့မှုများကို တားမြစ်ပိတ်ပင်ရန် ပါဝင်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဆေးလိပ်ကို ဆက်တိုက်သောက်တတ်သူဟု ဆိုသည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းတွင် မြောက်ကိုရီးယားနှင့် ဆက်စပ်မှုရှိသည်ဟု အမေရိကန်က ပြောထားသော Lazarus ဟက်ကာအုပ်စုကို အမည်ပျက်စာရင်းသွင်းရန်လည်း ပါဝင်ကြောင်း သိရသည်။



ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲမှုကို မြောက်ကိုရီးယားက ၎င်း၏ အကြီးဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အပါအဝင် ဒုံးကျည်သုံးစင်း ပစ်လွှတ်စမ်းသပ်ခဲ့ပြီး နောက်တစ်ရက်တွင် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

လုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားသည့် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုများကို မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။



မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ဆောင်ရွက်ရေး မဲခွဲဆုံးဖြတ်ရာတွင် တရုတ်နှင့်  ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့မှုအပေါ် လုံခြုံရေးကောင်စီအတွက် စိတ်ပျက်စရာနေ့ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က ပြောဆိုခဲ့သည်။

"ကမ္ဘာကြီးက မြောက်ကိုရီးယားကနေ ရှင်းလင်းပြီး လက်ရှိဖြစ်တဲ့ အန္တရာယ်တစ်ရပ်ကို ရင်ဆိုင်နေရတယ်။ ကောင်စီက ချုပ်တည်းထားပြီး နှုတ်ဆိတ်နေတာက ခြိမ်းခြောက်မှုကို မဖယ်ရှားဘူး သို့မဟုတ် လျော့ကျသွားခဲ့တာတောင် မရှိဘူး။ တစ်ခုခုဆိုရင် မြောက်ကိုရီးယားက ရဲတင်းသွားပြီ" ဟု Linda က ဝေဖန်ခဲ့သည်။



ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်၏ အဆိုအရ မြောက်ကိုရီးယားက ယခုနှစ်အတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Intercontinental Ballistic Missile (ICBM) ပစ်လွှတ်စမ်းသပ်မှု (၆) ကြိမ် လုပ်ဆောင်ခဲ့ပြီး နျူကလီးယားစမ်းသပ်မှုတစ်ခု လုပ်ဆောင်ရန် ပြင်ဆင်နေခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်တွင် နျူးကလီယားစမ်းသပ်မှုကို နောက်ဆုံး လုပ်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။



ကုလသမဂ္ဂက မြောက်ကိုရီးယားကို အရေးယူပိတ်ဆို့မှုအသစ်များ လုပ်ဆောင်ရန် မဲခွဲဆုံးဖြတ်မှု မအောင်မြင်ခဲ့သော်လည်း အမေရိကန်နိုင်ငံကမူ မြောက်ကိုရီးယားနှင့် ဆက်နွယ်သည့် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း မေလ (၂၇) ရက်တွင် ၎င်း၏ဘဏ္ဍာရေးဌာနက ပြောခဲ့သည်။

ယခုအရေးယူပိတ်ဆို့မှုအသစ်တွင် လူပုဂ္ဂိုလ်တစ်ဦးနှင့် အဖွဲ့အစည်းသုံးခုကို ပစ်မှတ်ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။



Source: Al Jazeera, Reuters