ဇင်ဘာဘွေ ကိုယ်စားပြု မယ်စကြဝဠာအဖြစ် လူဖြူ အမျိုးသမီးကို ရွေးချယ်မှုကြောင့် ဝေဖန်သံများ ထွက်ပေါ်

ဇင်ဘာဘွေ ကိုယ်စားပြု မယ်စကြဝဠာအဖြစ် လူဖြူ အမျိုးသမီးကို ရွေးချယ်မှုကြောင့် ဝေဖန်သံများ ထွက်ပေါ်
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဇင်ဘာဘွေနိုင်ငံ၏ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲ Miss Universe Zimbabwe တွင် လူဖြူ အမျိုးသမီးတစ်ဦးက သရဖူဆွတ်ခူးပြီး နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံရခြင်းကြောင့် အငြင်းပွား ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။ 

အသက် (၂၁) နှစ်အရွယ် လူဖြူ အမျိုးသမီး ဘရွတ်ခ် ဘရု-ဂျက်ဆင် (Brooke Burk-Jackson) ကို လူမည်းအများစု နေထိုင်ကြရာ အာဖရိက နိုင်ငံတစ်နိုင်ငံ၏ မယ်စကြဝဠာအဖြစ် ရွေးချယ်လိုက်သည့် အလှမယ်ပြိုင်ပွဲက လူမျိုးရေးခွဲခြား ဘက်လိုက်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

(၂၂) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇင်ဘာဘွေ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ကျင်းပပြလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုပြိုင်ပွဲတွင် အလှမယ်အဖြစ် ရွေးချယ်ခံရသူမှာ ဇင်ဘာဘွေပြည်သူများကို အတိအကျ ကိုယ်စားပြုမှုတစ်ခု မဟုတ်ကြောင်း အများအပြားက ပြောဆိုနေကြသည်။ 

ဟာရာမြို့တော်တွင် မွေးဖွားခဲ့သူ ဘရွတ်ခ် ဘရု-ဂျက်ဆင်မှာ လူဖြူတစ်ဦး ဖြစ်နေခြင်းက ဇင်ဘာဘွေပြည်သူ အများအပြားအတွက် ပြဿနာတစ်ခု ဖြစ်နေသည်။

ဇင်ဘာဘွေ ကိုယ်စားပြု အလှမယ်အဖြစ် သူမကို ရွေးချယ်ခဲ့မှုအပေါ် ဆိုရှယ်မီဒီယာတွင် အချေအတင် ဆွေးနွေးငြင်းခုံနေကြပြီး အလှမယ်ရွေးပွဲမှာ လူမျိုးရေးခွဲခြား ဘက်လိုက်မှုရှိကြောင်းနှင့် လူဖြူတစ်ဦး ဖြစ်နေသောကြောင့်သာ ဘရွတ်ခ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။ 

ဇင်ဘာဘွေ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲကို နိုင်ငံ၏ ပြည်နယ် (၁၀) ခုကို ကိုယ်စားပြုသော အလှမယ်များ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ပြည်ပတွင် အခြေချ နေထိုင်ကြသည့် ဇင်ဘာဘွေနိုင်ငံသားများလည်း ပါဝင်သည်။

အမှန်တကယ်အားဖြင့် ဘရွတ်ခ်က အာဖရိက နိုင်ငံတစ်နိုင်ငံ၏ အလှမယ်အဖြစ် ရွေးချယ်ခံရသော ဒုတိယမြောက် လူဖြူ အမျိုးသမီးဖြစ်ပြီး တောင်အာဖရိကနိုင်ငံ၏ အလှမယ်မှာလည်း လူဖြူပင် ဖြစ်သည်။ 

သို့သော် ဇင်ဘာဘွေ၏ ပိုမိုနက်ရှိုင်းသော လူမျိုးရေးခွဲခြားမှု နောက်ခံကြောင့် အငြင်းပွားစရာ ပိုဖြစ်ခဲ့သည်။

 

Source: Blavity, The Zimbabwean