ထိုင်းနိုင်ငံတွင် ဒေါ်လာ သန်း(၅၀)ကျော် လိမ်လည်သွားသည့် မိန်းမချောကို ရဲတပ်ဖွဲ့ က ရှာဖွေနေ

အသက် (၂၉) နှစ်အရွယ် YouTuber မိန်းမချော Natthamon Khongchak
အသက် (၂၉) နှစ်အရွယ် YouTuber မိန်းမချော Natthamon Khongchak
ထိုင်းနိုင်ငံတွင် ဒေါ်လာ သန်း(၅၀)ကျော် လိမ်လည်သွားသည့် မိန်းမချောကို ရဲတပ်ဖွဲ့ က ရှာဖွေနေ
စက်တင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်ကုန်သွယ်သည့် လိမ်လည်မှုကို အသုံးပြုပြီး သူမ၏ follower များထံမှ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ လိမ်လည်ရယူသွားခဲ့သည့် YouTube အကမယ် "Nutty" ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း အာဏာပိုင်များက ဩဂုတ်လ (၃၁) ရက်နေ့တွင် ပြောသည်။ 

အမည်ရင်း Natthamon Khongchak ဖြစ်သည့် အသက် (၂၉) နှစ်အရွယ် YouTuber မိန်းမချောက Leah နှင့် Suchata အမည်တုများကိုလည်း အသုံးပြုပြီး လိမ်လည်သည်ဟု သိရသည်။  

ထိုင်းမီဒီယာက ဖော်ပြမှုအရ လိမ်လည်ခံရသူ (၆,၀၀၀) အထိရှိနိုင်ပြီး လိမ်လည်ရယူသွားသည့် ငွေပမာဏမှာ အမေရိကန်ဒေါ်လာ (၅၅) သန်းအထိ ဖြစ်ကြောင်း သိရသည်။ 

ယခုအချိန်အထိ လိမ်လည်ခံရသူ (၁၀၂) ဦးက အာဏာပိုင်များထံ တိုင်ကြားထားပြီး "Nutty" က စုစုပေါင်း ဘတ်ငွေ သန်း (၃၀) (အမေရိကန်ဒေါ်လာ ၈၂၈,၀၀၀) လိမ်လည်ရယူသွားခဲ့သည်ဟု ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနမှ လက်ထောက်ရဲမှူး Wattana Ketumpai က ပြောသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ "Nutty" က သူမ၏ ချမ်းသာကြွယ်ဝမှုကို ဆိုရှယ်မီဒီယာပေါ်တွင် ကြွားလုံးထုတ် ကြော်ငြာပြီး လိမ်လည်နိုင်မည့်သူကို ရှာဖွေခဲ့သည်ဟု သိရသည်။ 

ဆိုရှယ်မီဒီယာပေါ်တွင် သူမ၏ ချမ်းသာကြွယ်ဝမှုကို မြင်တွေ့သူများက နိုင်ငံခြားငွေ လဲလှယ်ကုန်သွယ်မှုကနေ သူမ အလျင်အမြန် ချမ်းသာလာသည်ဟု ထင်သွားစေရန် "Nutty" က ကြံစည်ခဲ့သည်ဟု ဆိုသည်။

"ဒီလိမ်လည်မှုက ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ငွေလိမ်ယူတဲ့ အခြား Ponzi လိမ်လည်မှုတွေနဲ့ တူပါတယ်။ မတူတာကတော့ လူထုဆက်ဆံရေးနဲ့ လှည့်စားတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း အလိမ်ခံရသူတွေထံက တိုင်ကြားမှုတွေ ထပ်ရှိလာနိုင်ပါတယ်" ဟု Wattana က ပြောသည်။ 

လိမ်လည်ခံရသူအချို့က ၂၀၂၁ ခုနှစ် အစောပိုင်းမှစပြီး တိုင်ကြားမှုများ စတင်လုပ်ဆောင်ခဲ့ကြကြောင်း ၎င်းကဆိုသည်။

 YouTube တွင် follower အရေအတွက် (၈၅၀,၀၀၀) နီးပါးရှိသည့် "Nutty" ကို လိမ်လည်မှု၊ ကွန်ပျူတာရာဇဝတ်မှုနှင့် လိမ်လည်ပြီး ချေးငွေရယူမှုတို့ဖြင့် စွဲချက်တင်ရန် သက်သေအထောက်အထားများ စုဆောင်းပြင်ဆင်နေကြောင်းလည်း Wattana က ပြောသည်။ 

ဘန်ကောက်မြို့ရှိ တရားရုံးတစ်ခုက "Nutty" ကို ဖမ်းဆီးရန် ဩဂုတ်လအစောပိုင်းတွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။

"Nutty" က ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြောင်း သတင်းဖော်ပြမှုအချို့ရှိခဲ့သည်။

သို့သော် Wattana ကမူ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသော်လည်း လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများအရ "Nutty" မှာ ထိုင်းနိုင်ငံတွင်သာ ရှိနေဆဲဟု ဆိုသည်။ 

"Nutty" ၏ YouTube နှင့် Instagram အကောင့်များတွင် အကနှင့် ဂီတဗီဒီယိုများ ပုံမှန်တင်လေ့ရှိသည်။

သူမ၏ နောက်ဆုံး Instagram ပို့စ်ကို မေလ (၂၅) ရက်တွင် တင်ထားခဲ့ပြီး လိမ်လည်ခံရသူများကို တောင်းပန်ထားကာ ငွေပြန်ပေးမည်ဟု ကတိပြုထားသည်။ 

"လူအများကို ပြဿနာဖြစ်စေခဲ့ပြီး စိတ်ပျက်စေခဲ့မိတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူး။ ဒီဖြစ်ရပ်အတွက် ကျွန်မ နှလုံးသားထဲကနေ အလေးအနက် တောင်းပန်ပါတယ်"ဟု "Nutty" က ရေးသားထားသည်။

Source: AFP