RCSS/SSAက ဒေသလူထုအတွက် ဖွံ့ဖြိုးရေးနှင့်မူးယစ်ဆေးတိုက်ဖျက်ရေးကို အစိုးရနှင့် အဓိကဆွေးနွေးဟုဆို

RCSS/SSAက ဒေသလူထုအတွက် ဖွံ့ဖြိုးရေးနှင့်မူးယစ်ဆေးတိုက်ဖျက်ရေးကို အစိုးရနှင့် အဓိကဆွေးနွေးဟုဆို
ဇန်နဝါရီ 12, 2020
By Tachileik News Agency

RCSS/SSA က ဒေသလူထုအတွက် ဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေး တိုက်ဖျက်ရေးကို
အစိုးရနှင့် အဓိကဆွေးနွေးဟုဆို

ငြိမ်းချမ်းရေး ဆွေးနွေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် RCSS/SSA က အစိုးရနှင့် ဆွေးနွေးမှုများတွင် ဒေသသီးနှံထွက်ကုန်များကို ဈေးကွက်ဖေါ်ထုတ်ပေးရေး၊ ဒေသဖွံ့ဖြိုးရေးများကို အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အတူပူးတွဲဆောင်ရွက်ရန် အဓိကဆွေးနွေးသည်ဟု ဆိုသည်။

"အစိုးရနဲ့ သီးသန့်ဆွေးနွေးတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ တောင်းဆိုထားတာကတော့ ပြည်သူလူထုတွေရဲ့သီးနှံထွက်ကုန်တွေကို ဈေးကွက်တွေ ဖော်ထုတ်ပေးဖို့၊ တစ်ဖက်မှာ ပြည်သူလူထုတွေအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ပေးဖို့၊ ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေ အတူတကွပူးပေါင်း လုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေ ဆွေးနွေးခဲ့ပါတယ်" 

ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေပြည်တော်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့၌ ကျင်းပသည့် (၈) ကြိမ်မြောက် JICM အစည်းအဝေးနှင့် ဆက်စပ်ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်ခဲ့ပြီး ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လေဆိပ်သို့ ရောက်ရှိစဉ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေး JICM ကို တစ်နှစ်ကျော်မကျင်းပနိုင်ဘဲဖြစ်နေရာမှ (၈)ကြိမ်မြောက်အစည်းအဝေးကို ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေး တက်ရောက်သည့် RCSS ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှ နေပြည်တော်သို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၏ ( ၇ ) ကြိမ်မြောက်ကို ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်၊ ( ၆ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်၊( ၅ ) ကြိမ်မြောက်ကို ၂၀၁၇ ခုနှစ် ဧပြီလ (၂၄) ရက်၊( ၄ ) ကြိမ်မြောက်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၄) ရက်၊ ( ၃ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်၊( ၂ ) ကြိမ်မြောက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နှင့် (၁၈) ရက်၊ ပထမအကြိမ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅)ရက်မှ (၁၇) ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ ဟန်စိုးထိုက်

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~