ပလက်ဝမြို့နယ်တွင်း AA က ဝန်းရံပိတ်ဆို့ထားသည့် တပ်စခန်းများနှင့် ရိက္ခာလမ်းကြောင်းများပွင့်ရန် စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်ပူးပေါင်းထိုးစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေရ

ပလက်ဝမြို့နယ်တွင်း AA က ဝန်းရံပိတ်ဆို့ထားသည့် တပ်စခန်းများနှင့် ရိက္ခာလမ်းကြောင်းများပွင့်ရန် စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်ပူးပေါင်းထိုးစစ်ဖြင့် ပြန်လည်တိုက်ခိုက်နေရ
By Tachileik News Agency

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် အိန္ဒိယနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းအပါအဝင် ရက္ခိုင့်တပ်တော်(AA)က ပိတ်ဆို့ထားသည့် တပ်စခန်းများနှင့် ရိက္ခာလမ်းကြောင်းများပြန်ပွင့်ရန် စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်ပူးပေါင်းထိုးစစ်ဖြင့် နေ့စဉ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် AA က သတင်းထုတ်ပြန်ထားသည်။

AA က ပလက်ဝမြို့နယ်အတွင်းရှိ  စစ်ကောင်စီတပ်၏ အထိုင်ချတပ်စခန်းအချိုနှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့ကို ဖြတ်တောက်ပိတ်ဆို့ဝန်းရံထားသည့်အပြင် လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာထောက်ပို့၊ ဒဏ်ရာရလူနာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကိုပါ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA သည် ရက္ခိုင်-ဘင်္ဂလားနယ်စပ်ရှိ စစ်ကောင်စီတပ်၏  မိုင်တိုင်အမှတ် (၄၀)စခန်း၊ ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းနှင့်  သံတောင်ဗျူဟာစခန်းကုန်းတို့ကို လနှင့်ချီ၍ ပိတ်ဆို့ဝန်းရံထားပြီးနောက် တပ်စခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

လက်ရှိတွင်လည်း အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ” သုံးနိုင်ငံနယ်စပ်အနီးရှိ"မြိတ်ဝစခန်း" အပါအဝင် စစ်ကောင်စီတပ်၏ နောက်ထပ်တပ်စခန်းအချို့ကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားကာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများဖြင့် လနှင့်ချီ၍ ပြန်လည်တိုက်ခိုက်နေသော်လည်း ပိတ်ဆို့ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။