ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်၏ တပ်မဌာနချုပ် အပါအဝင် တပ်ရင်း (၄)ခုနှင့် စခန်းကုန်းများအား (၃)လအတွင်း AA သိမ်းပိုက်

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်၏ တပ်မဌာနချုပ် အပါအဝင် တပ်ရင်း (၄)ခုနှင့် စခန်းကုန်းများအား (၃)လအတွင်း AA သိမ်းပိုက်
မေ 5, 2024 | 2021 Military Coup

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စကခ (၉) ကျောက်တော်  လက်အောက်ခံ တပ်ရင်းအားလုံးကို အပြီးသတ်သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA)က  ၂၀၂၄ ခုနှစ် မတ်လမှ မေလ (၃)ရက်နေ့အထိ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် အပါအဝင် ၎င်းလက်အောက်ရှိ တပ်ရင်း (၄)ခုနှင့် စခန်းကုန်းအချို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း  မေလ (၄)ရက်နေ့ စစ်ရေးသတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် လည်းကောင်း၊ ခမရ (၅၆၄) တပ်ရင်းအား ဧပြီလ (၅) ရက်နေ့တွင် လည်းကောင်း၊ ခမရ (၅၆၅) တပ်ရင်းအား ဧပြီလ (၂၄) ရက်နေ့တွင် လည်းကောင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)(၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင် လည်းကောင်း၊ ခမရ (၅၅၁) တပ်ရင်းအား မေလ (၃) ရက်နေ့တွင် လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားခြင်းဖြစ်သည်ဟု AA ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ယင်းအပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတလျှောက် စစ်ကောင်စီတပ်၏ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း AA က သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲများအနက်  စကခ (၁၅) တပ်မဌာနချုပ်အား ရက္ခိုင့်တပ်တော်မှ  ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ (၁၂) ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအပြင် ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း AA က လိုက်လံချေမှုန်း တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်၊ သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) (၉) ကျောက်တော် လက်အောက်ခံ တပ်ရင်းများ အားလုံးကို AA က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ အပြီးသတ် သိမ်းပိုက်ထားခဲ့ပြီးနောက် ကျန် (၂)ခုကို ဆက်လက်တိုက်ခိိုက်နေခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများကိုလည်း ဖမ်းဆီးရမိထားသည်ဟု သိရသည်။

လက်ရှိတွင်လည်း မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှစ၍ တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏ စကခ (၃)ခုအနက်  (၂)ခုမှတပ်ရင်းအများအပြားကို AA က သိမ်းပိုက်ထားပြီးဖြစ်သည်။