မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကာ လက်နက်ခဲယမ်းတချို့ ပူးပေါင်းတပ်က သိမ်းဆည်းရရှိ

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကာ လက်နက်ခဲယမ်းတချို့ ပူးပေါင်းတပ်က သိမ်းဆည်းရရှိ
စက်တင်ဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့စခန်းတစ်ခုကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် TNLA ပူးပေါင်း PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ခန်းတစ်ခုကို ယနေ့ နံနက်(၅)နာရီကျော်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများဖြစ်သော (၁၂၂၁)၊ (၁၂၂၃)တို့က မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၁)နာရီခွဲကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက Tachileik News Agencyကို အတည်ပြုသည်။ 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ငယ် တစ်လက်၊ ပစ္စတို တစ်လက်နှင့် (၅.၅၆)ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များနှင့် TNLAတို့ ပူးပေါင်းပြီး မိုးကုတ်မြို့အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များအား စစ်ဆင်ရေးဆောင်ရွက်နေသဖြင့် မိုးကုတ်မြို့ နှင့် အနီးတစ်ဝိုက်နေ ပြည်သူများ အသွား၊ အလာဆင်ခြင်ပေးကြရန်လည်း စက်တင်ဘာလ (၁၇)ရက်နေ့က သတိပေးထုတ်ပြန်ထားသည်။

မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အခြေပြုတပ်ရင်းများဖြစ်သည့် တပ်ရင်း(၁၂၂၁)၊ (၁၂၂၃)နှင့် TNLAတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၅)ရက်နေ့ကလည်း  မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများပြင်းထန်ခဲ့သည်။

#TachileikNewsAgency