လူပေါင်း (၁၃၂)ဦး သေဆုံးခဲ့ရသည့် China Eastern လေယာဉ်ပျက်ကျရာနေရာတွင် ဒုတိယမြောက် Black Box ထပ်မံတွေ့ရှိ

လူပေါင်း (၁၃၂)ဦး သေဆုံးခဲ့ရသည့် China Eastern လေယာဉ်ပျက်ကျရာနေရာတွင် ဒုတိယမြောက် Black Box ထပ်မံတွေ့ရှိ

 တရုတ်နိုင်ငံတွင် လူပေါင်း ၁၃၂ ဦး သေဆုံးခဲ့သည့် ဘိုရင်း ၇၃၇ - ၈၀၀ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာတွင် ဒုတိယမြောက် black box ကို ထပ်မံရှာဖွေတွေ့ရှိရကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

China Eastern လေကြောင်းလိုင်းမှ ပျက်ကျသွားသည့် လေယာဉ်၏ အမြီးပိုင်းမှ အသံဖမ်းစက်ကို ကနဦး ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဒုတိယမြောက်အဖြစ် လေယာဉ်ပျံသန်းမှု အချက်အလက်များ မှတ်တမ်းယူထားသည့် Black Box ကို ရွှံ့နွံများကြားမှ ထပ်မံရှာဖွေတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။



လေယာဉ်ပျက်ကျရာနေရာတွင် မိုးရွာနေသဖြင့် ရွှံ့နွံများဖြစ်နေပြီး အဆိုပါ Black Box ကို လေယာဉ်ပျက်ကျရာနေရာမှ မီတာ (၄၀)အကွာ မြေအောက် (၁)မီတာခွဲမှ ရှာဖွေတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။



ရှာဖွေတွေ့ရသည့် မှတ်တမ်းများကို ဘေဂျင်းသို့ပို့ဆောင်၍ စစ်ဆေးနေပြီး လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို ရှာဖွေနေကြကြောင်း သိရသည်။



ပြီးခဲ့သည့် တနင်္လာနေ့ (မတ်လ ၂၁)က ခရီးသည် (၁၂၃)ဦးနှင့် လေယာဉ်ဝန်ထမ်း (၉)ဦးလိုက်ပါသွားသည့် ကူမင်းမှ ဂွမ်ဒေါင်းသို့ ပျံသန်းသည့် China Eastern လေယာဉ်မှာ အကြောင်းရင်းမသိရဘဲ ရုတ်တရက်ထိုးကျပျက်သွားပြီး လိုက်ပါသွားသူအားလုံး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။



လေယာဉ်တွင် လိုက်ပါသွားသူများတွင် နိုင်ငံခြားသားများ ပါဝင်ခြင်းမရှိဘဲ တရုတ်နိုင်ငံသားများသာဖြစ်ကြောင်း သိရသည်။

Soruce: CNA