ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများ လေဘေးဒဏ်ကြောင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ

ဖရူဆိုအနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများ လေဘေးဒဏ်ကြောင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊  ဖရူဆိုမြို့အနောက်ဘက်ခြမ်းတွင် ၂၀၂၄ ခုနှစ် မေလ (၂)ရက်နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်း နေအိမ်များ၏ အမိုးအကာများ ပျက်စီးသွား၍ အမိုးအကာအတွက် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

နေအိမ်အမိုးများပျက်စီးသွားသည့် နေအိမ်များမှ စစ်ရှောင်နှင့် ဒေသခံမိသားစု (၅၀)ခန့်အနက်  အချို့မှာ နီးစပ်ရာ အသိမိတ်ဆွေများ နေအိမ်များတွင်  ခေတ္တသွားရောက်နေထိုင်ကြရပြီး အချို့မှာ ပျက်စီးသွားသော မိုးကာအပိုင်းစများကို ယာယီအမိုးအကာအဖြစ် ပြန်လည်အသုံးပြုနေကြရကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် စိန်တောင်တန်းစစ်ရှောင်စခန်းနှင့် ရှိလုမူစစ်ရှောင်စခန်းရှိ နေအိမ် (၃၀) ကျော်၊ ရီခီးဘူး စစ်ဘေးရှောင်စခန်းရှိ နေအိမ် (၄) လုံး၊ ရီခီးဘူးကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းနှင့် ကက်သလစ်ဘုရားရှိခိုးကျောင်း(အဟောင်း)တစ်ကျောင်း၊  ဒိုရော(အောက်)ကျေးရွာရှိ ဒေသခံနေအိမ် (၄)လုံး၊ ဟိုယာကျေးရွာရှိ ဒေသခံနေအိမ် (၆)လုံး၊ ခါးဘယ်ကျေးရွာရှိ ဒေသခံနေအိမ် (၂)လုံး နှင့် စစ်ဘေးရှောင်နေအိမ် (၄) လုံးတို့ အမိုးများလှန်ကာ ပျက်စီးသွားသည်ဟု ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီ၏ စာရင်းအရ သိရသည်။

ဖရူဆိုအနောက်ဘက်ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ (၆၀၀၀) ကျော်ရှိသည့်အနက် မိုးကာစကို အမိုးအကာပြုလုပ်နေကြရသည့် စစ်ရှောင်မိသားစု ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

ဖရူဆိုအနောက်ဘက်ခြမ်း စစ်ဘေးရှောင်များအတွက် မကြာမီကျရောက်တော့မည့် မိုးရာသီအတွက် အမိုးအကာလိုအပ်ချက်နှင့်အတူ စားနပ်ရိက္ခာလိုအပ်ချက်လည်း မြင့်မားနေသည်ဟု သိရသည်။