မိုးဗြဲမြို့ စက်တော်ရာတောင်ကုန်းရှိ ခမရ ၅၁၈ တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မိုးဗြဲမြို့ စက်တော်ရာတောင်ကုန်းရှိ ခမရ ၅၁၈ တပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
နိုဝင်ဘာ 16, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ စက်တော်ရာတောင်ကုန်းတွင် တစ်နှစ်ကျော်ကြာ တပ်စွဲနေရာယူထားသော မိုးဗြဲအခြေစိုက် ခမရ(၅၁၈) တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု မိုးဗြဲ PDFထံမှ သိရသည်။

စက်တော်ရာတောင်ကုန်းသည် စစ်ကောင်စီ၏ ပင်မစစ်ရေးအချက်အချာနေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း ၁၁.၁၁ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်များ ခြေကုပ်ယူထားသော ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း(၃)၊ ပွဲကုန်း(၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား(၂) ကျေးရွာဒေသများရှိ စစ်ကောင်စီတပ်စခန်း(၈)ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ 

အဆိုပါ တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် အကြိမ်ရေ (၅၀၀)ကျော် ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က မိုးဗြဲ၊ ဖယ်ခုံဒေသအတွင်းသို့ လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား(၄)ဦး သေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု (၂၆)ကြိမ် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၁၅)ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ၏ လွိုင်လင်လေတပ်စခန်းမှ လက်နက်ကြီးဖြင့် (၁၅)ကြိမ်၊ ဖယ်ခုံတပ်စခန်းမှ အကြိမ် (၅၀)ဝန်းကျင် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မိုးဗြဲ၊ ဖယ်ခုံဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်များသည်  လက်နက်ခဲယမ်းများစွန့်ခွာထွက်ပြေးခြင်းကြောင့် မဟာမိတ်တော်လှန်ရေးအင်အားစုများမှ နယ်မြေရှင်းလင်းရေးနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များ လုပ်ဆောင်နေသည်ဟု သိရသည်။

ပြည်သူများအနေဖြင့် မိုးဗြဲမြို့အတွင်းတွင် အချိန်မရွေးထိတွေ့မှုများ ဖြစ်နိုင်သောကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း အသိပေးထားသည်။ 

တိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ (၁)တပ်ရင်းများဖြစ်ကြသော (၁၀၀၁) တပ်ရင်း MB-1၊ (၁၀၀၂) တပ်ရင်း PK-1၊ (၁၀၀၆) တပ်ရင်း PK-2၊ (၁၀၀၇) တပ်ရင်း MB2၊ (၁၀၀၄)PKS PDF၊ ရှမ်းတောင်ဗျူဟာ(၂)တပ်ရင်းများ ဖြစ်ကြသော (၁၀၀၃) တပ်ရင်း၊ (၁၀၀၅) တပ်ရင်း၊ (၁၀၀၈) တပ်ရင်း၊ (၁၀၀၉) တပ်ရင်း၊ (၁၀၁၁) တပ်ရင်း၊ KNDF ဗျူဟာ (၁) တပ်ရင်းများဖြစ်ကြသော KNDF BO-3၊ KNDF BO-11၊ KNDF BO-22နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (U.R.F)တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Mobye People Defense Force