ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်က စစ်ရှောင်စခန်း အပါအဝင် နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

ရှမ်း - ကယားနယ်စပ်တွင် အာဏာသိမ်းစစ်တပ်က စစ်ရှောင်စခန်း အပါအဝင် နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး
နိုဝင်ဘာ 5, 2021 | ရှမ်းတောင်| ကယား

ကယား(ကရင်နီ)ပြည်နယ်နှင့်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီး (၁) ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား နိုဝင်ဘာလ (၅) ရက်နေ့တွင် နံနက် (၈)နာရီမှ နေ့လယ် (၂) နာရီအထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာ အာဏာသိမ်းတပ်က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ၊ စက်တော်ကျေးရွာတို့ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လူနေအိမ် (၆) လုံးခန့်ပျက်စီးသွားသည်ဟု ဖယ်ခုံ PDF က သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်က စက်တော်ကျေးရွာ၏ အရှေ့ဘက်တောင်ကြောတွင် တပ်စွဲထားကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းကို အောက်တိုဘာလ (၂၆ )ရက်နေ့ကတည်းက အာဏာသိမ်း စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ဒေသတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသတွင်းတိုက်ပွဲများတွင် အာဏာသိမ်းတပ်က ပြည်သူများအား စွပ်စွဲဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မတရားယူဆောင်ဖျက်ဆီးခြင်းစသည့် ရမ်းကားမှုများ လုပ်ဆောင်နေသဖြင့် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာခြင်းများကို ဆင်ခြင်ကြရန်၊ သတင်းမှားများ မဖြန့်ကြရန်၊ ညဖက်တွင် အသိမိတ်ဆွေများဖြင့် စုပေါင်းနေထိုင်ခြင်း၊ နေ့ခင်းပိုင်းတွင် မိမိတို့နေအိမ်များကို ကြည့်ရှုစောင့်ရှောက်ခြင်းများကို သတိဖြင့်ဆောင်ရွက်ကြရန် ဖယ်ခုံ PDF က အများပြည်သူကို အသိပေးထုတ်ပြန်ထားသည်။

 

Photo: PDF Pekhon