တရုတ်တောင်ပိုင်းအတွင်း အဝေးပြေးလမ်းပိုင်းတွင် မြေပြိုကျမှုကြောင့် သေဆုံးသူ (၄၈) ဦးအထိ မြင့်တက်လာ

တရုတ်တောင်ပိုင်းအတွင်း အဝေးပြေးလမ်းပိုင်းတွင် မြေပြိုကျမှုကြောင့် သေဆုံးသူ (၄၈) ဦးအထိ မြင့်တက်လာ
By Mr John

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်အတွင်း  မိန်သာ့မြို့ရှိ မိန်ကျိုး - သာ့ဖူအဝေးပြေးလမ်းပိုင်း တစ်နေရာ  မြေပြိုကျမှုကြောင့် မော်တော်ယာဥ်များ လမ်းဘေးသို့ ထိုးကျသွားခဲ့သည့် ဖြစ်ရပ်အတွင်း သေဆုံးသူ (၄၈) ဦးအထိ မြင့်တက်လာကြောင်း တရုတ်အစိုးရမီဒီယာက ၂၀၂၄ ခုနှစ် မေလ (၂) ရက်နေ့တွင် ပြောသည်။ 

မေဒေးနေ့ (မေလ ၁ ရက်) အလုပ်ပိတ်ရက်တွင် လူဦးရေ သန်းနှင့်ချီ ခရီးသွားလာကြစဥ် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း သတင်းများတွင် အမြန်လမ်းပိုင်း ပြိုကျမှုကြောင့် လူ (၃၆) ဦး သေဆုံးခဲ့ပြီး အခြား လူ (၃၀) ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပြီး ယခုအခါ သေဆုံးသူ အရေအတွက် သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ 

ကွမ်တုန်းပြည်နယ်အတွင်း   မိန်ကျိုး - သာ့ဖူအဝေးပြေးလမ်းတွင် ၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့ နံနက် (၂) နာရီ (၁၀) မိနစ်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမြန်လမ်း၏ အရှည် (၁၇.၉) မီတာရှိ လမ်းပိုင်း ပြိုကျသွားခဲ့ပြီး မော်တော်ယာဥ် (၂၃) စီး လမ်းဘေးထိုးကျသွားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြထားသည်။

အမြန်လမ်းပိုင်း ပြိုကျခဲ့သည့်  မိန်သာ့မြို့မှာ ဧပြီလကုန်ပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးသီးကြွေမှုများ ဆိုးရွားစွာ ကြုံတွေ့နေရသည့် တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ဧရိယာများအနက် တစ်ခုဖြစ်သည်။ 

ဂွမ်ဒေါင်းပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အန္တရာယ်ရှိသော ရွှံ့နွံပြိုကျမှု၊ နေအိမ်များ ရေနစ်မြုပ်မှုနှင့် တံတားများ ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post, Reuters

Photo: Weibo, 逍遥刘杰 ( Weibo ), Xinhua