တာချီလိတ်မြို့တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ခရီးစဉ်ရှိ၍ မူးယစ်ဆေးဝါးများ ရရှိနိုင်သည့် လောင်းကစား ဂိမ်းခုံများကို ခေတ္တ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ခရီးစဉ်ရှိ၍ မူးယစ်ဆေးဝါးများ ရရှိနိုင်သည့် လောင်းကစား ဂိမ်းခုံများကို ခေတ္တ ပိတ်ခိုင်းထား
ဧပြီ 4, 2024 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့ ရောက်ရှိနေပြီး အာဏာသိမ်း စစ်ခေါင်းဆောင်လည်း နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပနအတွက် ရောက်ရှိလာမည် ဖြစ်သည့်အတွက် မူးယစ်ဆေးဝါးများပါ ရရှိနိုင်သည့် လောင်းကစား ဂိမ်းခုံများကို ရဲတပ်ဖွဲ့က ဧပြီလ(၆)ရက်နေ့အထိ ခေတ္တပိတ်ထားရန် အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

"လူကြီးခရီးစဉ်ရှိနေလို့  ၆ ရက်နေ့ ကျော်မှ ပြန်ဖွင့်ဖို့ အသိပေးထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း အရှေ့မှာပိုင်းတော့ အပိတ်ပြထားပြီး ဆက်ဖွင့်နေကြတာတော့ ရှိတယ်။ အဲ့လို မဖွင့်ရင်လည်း သူတို့လည်း လစဉ် ပေးရတာနဲ့ မကိုက်ဘူးလို့ ပြောတယ်"ဟု ရန်အောင်မြေရပ်ကွက်တွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက်နှင့် ဖန်မင်၊ မိုင်းကိုးကျေးရွာအုပ်စုတို့ရှိ လောင်းကစားဂိမ်းခုံများအနက် အချို့ ဂိမ်းခုံများတွင် စိတ်ကြွရူးသွပ်ဆေး၊ ရေခဲ စသည့် မူးယစ်ဆေးဝါးများကို အလွယ်တကူ ရရှိနိုင်သည်ကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တို့ကလည်း သိရှိပြီး ဖြစ်သော်လည်း အပေးအယူရှိ၍ ဖမ်းဆီးခြင်း မရှိဟု  ဂိမ်းခုံတွင် လုပ်ကိုင်ခဲ့သူ တစ်ဦးထံက သိရသည်။

တာချီလိတ်မြို့တွင် ပြည်နယ်(ကျိုင်းတုံ)ရဲတပ်ဖွဲ့မှူး မကြာခဏ လာရောက်လေ့ရှိတိုင်း ဂိမ်းခုံများကို ပိတ်လေ့မရှိသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်များနှင့် ပြည်ထောင်စုဝန်ကြီးခရီးစဉ်များ ရှိလာတိုင်း လောင်းကစားဂိမ်းခုံများကို ပိတ်ခိုင်းလေ့ရှိသည်ဟု သိရသည်။