(၁၀)တန်း စာမေးပွဲ ကာလအတွင်း KTV နှင့် ယစ်မျိုးဆိုင်များ ပိတ်ထားရန် မကွေးအစိုးရ ညွှန်ကြားထား

(၁၀)တန်း စာမေးပွဲ ကာလအတွင်း KTV နှင့် ယစ်မျိုးဆိုင်များ ပိတ်ထားရန် မကွေးအစိုးရ ညွှန်ကြားထား
မတ် 11, 2020
By Tachileik News Agency

(၁၀)တန်း စာမေးပွဲ ကာလအတွင်း  KTV နှင့် ယစ်မျိုးဆိုင်များ   ပိတ်ထားရန် မကွေးအစိုးရ ညွှန်ကြားထား

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများ စိတ်အေး ချမ်းသာစွာ စာကျက်နိုင်ပြီး ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲကာလဖြစ်သည့် မတ် (၁၁)ရက်မှ (၂၀)ရက်အတွင်း KTV ကာရာအိုကေ ၊ စင်တင်တေးဂီတ၊ Unplugged များ နှင့် ယစ်မျိုးဆိုင်များကို ပိတ်ထားရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း  သိရသည်။

မကွေးမှာ ယစ်မျိုးဆိုင် ( ၃၀၀ )ကျော်၊ ကေတီဗီ  (၂၂)ဆိုင်လောက် ရှိပြီး စာမေးပွဲ ဖြေမယ့် စင်တာက (၁၁)ခုရှိပါတယ်။ စာမေးပွဲဖြေဆိုမယ့် ကလေးတွေအတွက် ဆူညံသံတွေကြောင့် အာရုံပျက်ပြားစေမှာမျိုး မဖြစ်စေဖို့ ရယ်၊ ရာဇဝတ်မှု နဲ့ မီးရေးထင်းရေး ကိစ္စတွေအတွက်လည်း ကြည့်ရပါတယ်

ဟု မကွေးမြိုကနယ်အုပ်ချုပ် ရေးမှူး ဦးသက်လွင် က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်တိုင်းလုံးတွင် အဆိုပါ ကန့်သတ်မိန့်ကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် သက်ဆိုင်ရာလုပ်ငန်းရှင် များကို ညွှန်ကြားစာများ ဆက်လက် ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ခိုးဖွင့်မှုများရှိပါက လိုအပ်သလို ဥပဒေအတိုင်း အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စိစစ်တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။

ယခင်နှစ်များက တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့တွင်သာ ပိတ်ရန်ညွှန်ကြားခဲ့ခြင်းမျိုးရှိခဲ့၍ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရန်အခက်အခဲမရှိခဲ့သော်လည်း ယခုနှစ်တွင် ရက်ရှည်ပိတ်စေခဲ့ခြင်း ကြောင့် လုပ်ငန်းရှင်များအနေဖြင့်ရော လုပ်သားများအတွက်ပါ အခက်အခဲများဖြင့် ကြုံတွေ့ရမည်ဖြစ်၍ လုပ်ငန်းရှင်များဘက်မှ ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြသွားမည်ဟု သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~