လင်းခေးခရိုင်ရှိ စစ်သင်တန်းတက်နေသူများ၊ ဒေသခံများကို RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သွားတွေ့

လင်းခေးခရိုင်ရှိ စစ်သင်တန်းတက်နေသူများ၊ ဒေသခံများကို RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သွားတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်းအတွင်းရှိ ဒေသခံများနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့  ၂၀၂၄ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၁)ရက်နေ့အထိ တွေ့ဆုံခဲ့ကြောင်း RCSSက သတင်းထုတ်ပြန်သည်။

လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့များရှိ ဒေသခံများ၊ စစ်သင်တန်းတက်နေသူများနှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံခဲ့ကြသည့် ဓာတ်ပုံများကို RCSSက ထုတ်ပြန်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် မတ်လ(၂၈)ရက်နေ့တွင် မိုင်းပန်မြို့ရှိ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း စစ်သင်တန်းတက်နေသူများနှင့် လင်းခေးမြို့နယ်ရှိ စစ်သင်တန်းတက်ရောက်နေသူများအပြင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မတ်လ(၂၉)ရက်နေ့တွင် လင်းခေးမြို့နယ်ရှိ ပြည်သူများနှင့်တွေ့ဆုံခဲ့သည့်အပြင် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကာ မတ်လ(၃၀)ရက်နေ့တွင် နမ့်ဆန်မြို့နယ်အတွင်းရှိ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း စစ်သင်တန်းတက်နေသူများ၊ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ(၁)ရက်နေ့တွင်  မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

RCSSသည် စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်လာပြီးနောက် ၎င်းတို့လည်း တပ်သားသစ်ခေါ်ယူကြောင်း ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ကာ အသက်(၁၈)နှစ်မှ (၄၅)နှစ်အတွင်း အမျိုးသား၊ အမျိုးသမီးများအား ခေါ်ယူစစ်သင်တန်းပေးနေခြင်းဖြစ်သည်။

RCSSသည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့်လည်း မကြာခဏ တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

#TachileikNewsAgency

Photo: Tai Freedom - Shan Version