အာဏာသိမ်း စစ်အုပ်စုမှ ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့်   မြို့နယ်ပေါင်း (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ

အာဏာသိမ်း စစ်အုပ်စုမှ ၎င်းတို့ ထိန်းချုပ်နိုင်စွမ်းမရှိသည့်   မြို့နယ်ပေါင်း (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာ
ဖေဖော်ဝါရီ 2, 2023 | 2021 Military Coup| အခြားဒေသများ| ကယား

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့် တိုင်းနှင့်ပြည်နယ်များထဲက မြို့နယ်ပေါင်း  (၃၂)မြို့နယ်ကို စစ်အုပ်ချုပ်ရေး အမိန့် ကြေညာကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်းပြီး စစ်ကောင်စီအမည်ခံကာ စစ်တပ်ကအုပ်ချုပ်ပြီး  ရွာများကို မီးရှို့၊ ပြည်သူများကိုသတ်ဖြတ်နေသည်မှာ (၂)နှစ်ကြာပြီးနောက် ယင်းမြို့နယ်များကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းမှ မြို့နယ်(၁၁)မြို့နယ်၊  ချင်းပြည်နယ်မှ မြို့နယ်(၇) မြို့နယ်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို စစ်အုပ် ချုပ်ရေးအဖြစ် တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ထားသည်။

မကွေးတိုင်းမှ မြို့နယ်(၅)မြို့နယ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူးအား စစ်အုပ်ချုပ်ရေးပေးပြီး ပဲခူးတိုင်းမှ မြို့နယ်(၅)မြို့ နယ်ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား စစ်အုပ်ချုပ်ရေးပေးကြောင်း ထုတ်ပြန်သည်။

ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့်  (၂)နှစ်အကြာ အလူးအလဲ ထိုးဆင်စစ်ကာ တိုက်ခိုက်နေရသည့် အာဏာသိမ်းစစ်အုပ်စုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လွိုင်ကော်၊ ဒေသကွပ်ကဲရေးမှူးအား ကရင်နီ(ကယား)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်အပါအဝင် မြို့နယ်(၄)မြို့နယ်ကို စစ်အုပ်ချုပ်ရေးပေးကြောင်း ထုတ်ပြန် သည်။

တနင်္သာရီတိုင်းအတွင်း တနင်္သာရီမြို့နယ် နှင့် ပုလောမြို့နယ် အပါအဝင် မွန်ပြည်နယ်အတွင်း ရေးမြို့နယ်၊ ကရင်ပြည်နယ်အတွင်း ကြာအင်းဆိပ်ကြီး နှင့် ကော့ကရိတ်မြို့နယ် စုစုပေါင်း မြို့နယ် (၅)ခုကို အာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်နိုင်စွမ်းမရှိတော့၍ စစ်အုပ်ချုပ်ရေးအမိန့်  ယနေ့  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညပိုင်းမှာပင် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။ 

ထုတ်ပြန်ချက်တွင် တိုင်းမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ် ပေါ်လျှက်ရှိသော အခြေအနေအရပ်အရပ်အပေါ်မူတည်၍ ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို လွှဲပြောင်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency