မြင်းခြံမြို့နယ် ကိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

မြင်းခြံမြို့နယ် ကိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

ကိုင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များက စစ်ကြောင်း(၃)ကြောင်းခွဲကာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှုများဖြင့် ထွက်ပြေးသွားပြီး စခန်းအတွင်းမှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“လက်နက်ကြီးပစ်ခတ်ပြီး ကျားတက်ထိုးပြီးတော့ သိမ်းခဲ့တယ်။ သိမ်းခဲ့တဲ့နေရာမှာ စစ်ကောင်စီစခန်းထဲအထိ ရောက်ရှိပြီးတော့ စစ်ကောင်စီတပ်သားတွေရဲ့ သွေးအိုင်တွေတွေ့တယ်။ စစ်ကောင်စီရဲ့ သမီးရည်းစားလို့ယူဆရတဲ့ မိန်းကလေးတစ်ယောက်ကို အဲဒီစခန်းထဲကနေပြီးတော့ ဖမ်းဆီးရရှိတယ်။ အဲဒီဟာကိုတော့ ကျွန်တော်တို့ စစ်သုံ့ပန်းအနေနဲ့ ထားတာမဟုတ်ပါဘူး။ လောလောဆယ် ခေတ္တယာယီထိန်းသိမ်းထားတဲ့ အဆင့်မှာရှိသေးတယ်။ကျွန်တော်တို့ သူ့ကို ကျွန်တော်တို့တပ်ရင်းမှာရှိတဲ့ ရဲမေတွေနဲ့အတူထားရှိပြီး ထိခိုက်ဒဏ်ရာကို ကုသပေးထားပါတယ်ဗျ။”ဟု မြင်းခြံခရိုင်တပ်ရင်း(၂) ယာယီတပ်ရင်းမှူး ကိုသိကြားက Tachileik News Agencyကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ MA1 သေနတ်တစ်လက်၊ ကျည်(၇၀၀)ကျော်၊ ဖုန်း၊ အီကွေ့မန့်၊ ယူနီဖောင်းများကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသည့် စာသင်ကျောင်းမှအပ ဘန်ကာများ၊ တဲများကို မီးရှို့ဖျက်ဆီးခဲ့ကာ သိမ်းဆည်းရရှိသည့် ယူနီဖောင်းတွင် တပ်မ(၉၉)ဘတ်တံဆပ်နှင့် သေနတ်တွင် ကပစ(၂၀)ဟု ပါရှိကြောင်း သိရသည်။ 

“အဲဒီတပ်စခန်းက မြင်းခြံ ဘက်ကနေမြစ်ကူးပြီးတော့ မြောင်ဘက်ခြမ်းကိုလာတယ်။ မြောင်ဘက်ခြမ်းက ကျေးရွာတွေကနေ သူတို့စစ်ကြောင်းထိုးပြီးတော့ သူတို့သယ်လို့ရတဲ့ ပစ္စည်းတွေကိုသယ်တယ်။ အရင်တုန်းကဆို အဲဒီဘက်ကမ်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အနောက်ဘက်ကမ်းက ပြည်သူတွေ ထိခိုက်မှုတွေ ရှိခဲ့တယ်။”ဟု ကိုသိကြားကပြောသည်။

အဆိုပါတပ်စခန်းအတွင်း စစ်ကောင်စီတပ်သား (၃၀)ဝန်းကျင်ရှိပြီး ပျူစောထီးများနှင့်ပူးပေါင်းနေသည့် တပ်စခန်းတစ်ခုလည်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ကူပေးခဲ့သော်လည်း PDFနှင့် ပြည်သူများ ထိခိုက်မှုမရှိခဲ့ဟုလည်း သိရသည်။

ဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဆွဲခေါ်ကာ ရွာအတွင်းသို့ဝင်ပြေးသွားသဖြင့် ပြည်သူများ ထိခိုက်မည်စိုးသဖြင့် ရွာအတွင်းသို့ လိုက်လံမတိုက်ခိုက်တော့ဘဲ စခန်းအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မြင်းခြံခရိုင်တပ်ရင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ ပိုမိုပြီးတော့ စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပေးသွားပါမယ်။  ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ မြင်းခြံခရိုင်တပ်ရင်းတွေ မြင်းခြံခရိုင်ထဲကို ဝင်လာပြီဆိုတာနဲ့ တိုက်ပွဲဖော်ဆောင်မှုလုပ်ပြီဆိုတာနဲ့ ပြည်သူတွေဘေးကင်းရာ၊ လွတ်ရာကို ရှောင်ရှားကြဖို့၊ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံအကူအညီတောင်းပါတယ်။”ဟု ကိုသိကြားက ဆက်ပြောသည်။

တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၁၊ ၂၊ ၃၊ ၅၊ ၈) ခွဲ(၁၊ ၃၊ ၄)၊ ညောင်ဦးခရိုင်ပကဖ၊ မြင်းခြံမြို့နယ် ပကဖ၊ ဒေသ ကာကွယ်ရေးတပ်များဖြစ်သည့် BGF၊ MGN 35၊ MACR၊ 8 Star မြင်းခြံ၊ Anyar Federal Task Force၊ မြောင် ကျေးရွာတပ်ပေါင်းစု၊ မြင်းခြံဒရုန်းအဖွဲ့၊ MT9 တပ်ဖွဲ့၊ Freedom Fighter Guerrilla Force၊ မြောင် ပလဖ အဖွဲ့တို့ပါဝင်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်တပ်ရင်း(၂)၏ ခေတ္တနားခိုသည့် နေရာစခန်းတစ်ခုအား စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင်(၂၀၀)ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ကာ စက်သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်ရင်းမှူးအပါအဝင် ရဲဘော်(၆)ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးတချို့လည်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency