ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား သတိထားကျော်ဖြတ်ရန် NUGသတိပေး

ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား သတိထားကျော်ဖြတ်ရန် NUGသတိပေး

ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် မေတ္တာရပ်ခံကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၂၁) ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီမှ လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးခြင်း ၊ အာရက္ခတပ်တော်အား ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေရန် အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်းဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အတွင်း စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency