တာမွေမြို့နယ် သီတာလမ်းထိပ်ပွဲဈေးတွင် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးထိမှန် ၃ ဦး ဖမ်းဆီးခံရ

တာမွေမြို့နယ် သီတာလမ်းထိပ်ပွဲဈေးတွင် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးထိမှန် ၃ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း တာမွေမြို့နယ်၊ သီတာလမ်းထိပ်ပွဲ‌ဈေးတွင် ယနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတချို့ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

သီတာလမ်းထိပ်တွင်ပြုလုပ်နေသည့် ပွဲဈေးအတွင်း ယင်းသို့ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံးနိုင်ကာ (၃)ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

"ပွဲစျေးထဲပစ်တာ။ ကျွန်တော်သိသလောက်က (၃)ယောက်ဖမ်းခံရတယ်။ တစ်ယောက်ကထိပြီး ပုံကျသွားတယ်လမ်းပေါ်။ စစ်ကောင်စီတပ်က ဝင်ပစ်တယ်လို့လည်း သိရတယ်။ ဘာကြောင့်ဆိုတာ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လူငယ်အချို့ သပိတ်လှုပ်ရှားမှုလုပ်နေသည်ကို သတင်းရ၍ဟုဆိုကာ စစ်ကားများ၊ အိမ်စီးကားများဖြင့် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကနဦးသတင်းသိရပြီး Tachileik News Agencyအနေဖြင့် မည်သည့်အတွက်ကြောင့် ဖြစ်ပွားသည်ကို အတည်ပြုရန်မေးမြန်းနေ‌ဆဲဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းများပိတ်ဆို့ခြင်း၊ ဆိုင်များပိတ်သွားခြင်းများရှိခဲ့ပြီး လက်ရှိတွင် လမ်းများ ပြန်ဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

ပစ်ခတ်သံမှာ (၄)ချက်ဝန်းကျင်ကြားရပြီး အနီးရှိ တိုက်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေသွားသည်ဟု ဒေသခံတချို့က‌ပြောသည်။

#TachileikNewsAgency