တာချီလိတ်ခရိုင်လဝကရုံးတွင် စမတ်ကတ်ဟု ခေါ်သည့် UID ကတ် ပြုလုပ်ရာ အဆင်မပြေမှုများ ရှိနေ

တာချီလိတ်ခရိုင်လဝကရုံးတွင် စမတ်ကတ်ဟု ခေါ်သည့် UID ကတ် ပြုလုပ်ရာ အဆင်မပြေမှုများ ရှိနေ
မတ် 31, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားလာရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် တစ်နှစ်စာ စာအုပ်ဖြစ်သည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass - BP ) ပြုလုပ်ရာတွင် စမတ်ကတ်ဟုခေါ်သည့် Unique Identification Number - UID ရှိမှသာ ပြုလုပ်ပေးသည်ဖြစ်၍ ခရိုင်လဝကရုံး၌ UID ပြုလုပ်ရာတွင် အဆင်မပြေမှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

တာချီလိတ်မြို့  မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအောက်ရှိ တာချီလိတ်ခရိုင် လဝက ရုံးတွင် ပြုလုပ်ပေးနေသည့်  စမတ်ကတ်ဟုခေါ်သည့် UID နှင့် ပတ်သက်ပြီး အသေးအစား အမှားအယွင်းရှိပါက ချက်ချင်း ပြင်ဆင်ပေးခြင်းမရှိဘဲ ပြန်လွတ်သည်ဟု သိရသည်။

"သူတို့ ကွန်ပျူတာမှာ စာရင်းဖြည့်တော့ အသေးစား အမှားကအစ မှားတာဖြစ်ရင် ပြန်ပြင်ဖို့ဆိုပြီး ပြန်လွတ်တယ်။  အဲ့အတွက် အချိန်က နောက်ထပ် တစ်ရက်ကနေ (၃)ရက်အထိ ထပ်ပေးရရော။ မြန်မြန်ဆန်ဆန် နဲ့ တခါတည်းပြီးပြတ်အောင် မလုပ်ပေးနိုင်ဘူး။ အချိန်ကုန် လူပန်း အဲ့လိုဖြစ်နေတယ်။ လဝက တွေဘက်ကလည်း အစပိုင်းဆိုတော့ သိပ်မကျွမ်းကျင်သေးတာကို နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခါတည်း ပြီးအောင် စီမံပေးနိုင်ရင် ကောင်းတာပေါ့။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် ပြောသည်။

UID ပြုလုပ်ရန်အတွက် Biometric Enrollment Application Form များကို အကန့်သတ်ဖြင့် ထုတ်ပေးနေရာ  ဖောင်ရရှိရေးအတွက် မနက် အစော တန်းစီစောင့်ဆိုင်းရသည်ဟု သိရသည်။

"နောက်ပြီး အဲ့ဒီဟာလုပ်ဖို့ကို ဖောင်အရင် ယူရတယ်။ ဖောင်ယူဖို့လည်း တံတား(၁)က ခရိုင်လဝကရုံးမှာဆိုရင် မနက် (၅)နာရီခွဲလောက်ကတည်းက တန်းစီနေကြရတာ။ မနက် (၇)နာရီဆိုရင် စာရွက်ကုန်တယ်။ ဖောင်တွေကို အကန့်သတ်နဲ့ပေးနေတာ။ အလွယ်တကူဖြစ်အောင် တနေကုန် ပေးတာလည်း မဟုတ်ဘူး။ အချိန်ပိုင်းပဲပေးတာ။ လူများရင် အစောကုန်တယ်။ အဲ့တော့ လူတွေက စောစောတန်းစီစောင့်နေရတာ။ ပြည်သူတွေအနေနဲ့ ဒီစနစ်ကို လိုလိုလားလား ဖြစ်အောင် လွယ်လွယ်ကူကူ စီမံပေးစေချင်ပါတယ်"ဟု ၎င်းက ဆိုသည်။

 

တာချီလိတ်မြို့တွင် UID အတွက် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအောက်ရှိ တာချီလိတ်ခရိုင် လဝက ရုံးဝန်းအတွင်း နံနက် (၇)နာရီခွဲစ၍ ပြုလုပ်ပေးနေသလို တာချီလိတ်မြို့နယ် လဝကရုံးတွင်လည်း နံနက် (၉)နာရီကစပြီး ပြုလုပ်ပေးနေကြောင်း သိရသည်။

ရပ်ကွက်ရုံးများတွင် UID လာရောက် ပြုလုပ်ပေးသည့်အချိန်တွင်လည်း ကြိုတင် အသိပေး ကြေညာစေလိုသည်ဟု ဆိုသည်။

"ရပ်ကွက်ရုံးတွေမှာ လာရောက် လုပ်ပေးရင်လည်း ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကြိုတင် လိုက်လံအသိပေးတာတွေ လုပ်ပေးစေချင်တယ်ဗျာ။ လုပ်တာ လုပ်သွားတာ ပြီးမှ သိလိုက်ရတာမျိုးကလည်း အဆင်မပြေဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်ခရိုင်အတွင်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသူများကို ပြုလုပ်ပေးနေသည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass - BP )နှင့် ပတ်သက်၍လည်း အသစ်ပြုလုပ်သူများနှင့် သက်တမ်း တိုးလိုသူများ အနေဖြင့် ကာယကံရှင် ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ၊ မှတ်ပုံတင် မူရင်းနှင့်မိတ္တူ လိုင်စင်ဓါတ်ပုံ  အပြင် စမတ်ကတ်ဟုခေါ်သည့် UID ကတ် မူရင်းနှင့်မိတ္တူ လိုအပ်မည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တရားဝင်မှီတင်းနေထိုင်နေသူ အားလုံး၏ ကိုယ်ရေးအချက်အလက်များအား အစိုးရ၏ Database ထဲတွင် ထည့်သိမ်းထားပြီး လိုအပ်လျှင် ပြန်ရှာနိုင်ရန် သီးသန့်နံပါတ် သိုမဟုတ် Unique Identification နံပါတ် ထုတ်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

UID ပြုလုပ်ပေးနေခြင်းမှာ  National-ID ဟု ခေါ်သည့် မှတ်ပုံတင် Smart Card ထုတ်ပေးရေး  လုပ်ငန်းစဉ်ထဲက အခြေခံ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး နိုင်ငံအတွင်းရှိ မှတ်ပုံတင်ပြုလုပ်ပြီးသည့် အသက် (၁၀) နှစ်နှင့် အထက် ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့်  ဇီဝဆိုင်ရာအချက်အလက် (Biometric Data)   ယူပြီး  လုပ်ငန်းပြီးစီးမှု အပေါ်မူတည်၍  National-ID ခေါ်  Smart Card ထုတ်ပေးရေး လုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဟု သိရသည်။

နောက်ပိုင်းတွင် ခရီးသွားခြင်း နှင့် နိုင်ငံကူးလက်မှတ် (ပတ်စပိုစ့်)ပြုလုပ်ရာတွင်လည်း Unique Identification Number - UID ပြသရမည်ဖြစ်ကြောင်း သိရသည်။