အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တာချီလိတ်သို့ ခဏတဖြုတ် လာချိန်လေးအတွင်း လေယာဉ်ခရီးစဉ်များ နောက်ဆုတ်လိုက်ရ၍ ခရီးသွားများ စိတ်ပျက်ခဲ့ရ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တာချီလိတ်သို့ ခဏတဖြုတ် လာချိန်လေးအတွင်း လေယာဉ်ခရီးစဉ်များ နောက်ဆုတ်လိုက်ရ၍ ခရီးသွားများ စိတ်ပျက်ခဲ့ရ
ဧပြီ 29, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ တိတ်တဆိတ်ရောက်လာပြီး ခဏလေးအတွင်း တိတ်တဆိတ် ပြန်သွားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်ကြောင့် လေယာဉ်ခရီးစဉ် အချိန်နောက်ဆုတ်ရ၍ တာချီလိတ်လေဆိပ်မှ ခရီးသည်များအတွက် စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသလို ခရီးစဉ် နောက်ကျခဲ့ရကြောင်း သိရသည်။

"လေဆိပ်မှာတော့ လုံခြုံရေး အပြည့်ချထားတယ်။ ခါတိုင်းဆိုရင် ကွင်းထဲထိ လိုက်ပို့လို့ရတာတွေရှိတယ်။ ဒီနေ့ လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး တစ်ယောက်မှ ကွင်းထဲဝင်ပြီး လိုက်ပို့ခွင့် မပေးဘူး။ ဒီနေ့ လေဆိပ်မှာ (၂)နာရီမှာ တက်မဲ့ လေယာဉ်တွေ မအလ ကြောင့် နောက်ဆုတ်ပေးလိုက်ရတယ်။  ဟိုဖက်ကို ရောက်မဲ့အချိန် အစောမရောက်ရတော့ဘူး။ သူက လေယာဉ်ကွင်းထဲဝင်တာတောင် တခြားလမ်းကနေ ဝင်တာ။ လေယာဉ်ကို စောင့်နေရတဲ့ အခန်းကနေ မအလ နဲ့ သူ့မိန်းမကို လှမ်းတွေ့လိုက်ရသေးတယ်။"ဟု အမည်မဖော်လိုသည့်  လေယာဉ်စီးခရီးသည် တစ်ဦးက Tachileik News Agency သို့ ပြောသည်။



အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နာမကျန်းဖြစ်နေသည့် နဂါးနှစ်ကောင်ဆရာတော်အား ဖူးမြှော်ရန်အတွက် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က ရောက်ရှိလာပြီးနောက် နေ့လည် (၂)နာရီကျော်အချိန်တွင် တာချီလိတ်မှ တိတ်တဆိတ်ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တာချီလိတ်သို့ အဓိကအားဖြင့် နဂါးနှစ်ကောင်ဆရာတော်၏ ကျန်းမာရေးကိစ္စကြောင့်သာ ရောက်ရှိလာခြင်းဖြစ်ပြီး လမ်းကြုံ၍ တာချီလိတ်လေဆိပ်တိုးချဲ့ရေးကိစ္စများကိုလည်း တခါတည်း ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

၎င်းသည် ယတြာဗေဒင်များကို ယုံကြည်သက်ဝင်သူဖြစ်ပြီး  မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့်  ဗန်းမော်ဆရာတော်အား နံနက်ပိုင်းက ဖူးမြော်ခဲ့ပြီးနောက် တာချီလိတ်သို့ ရောက်ရှိလာကာ နဂါးနှစ်ကောင်ဆရာတော်ကို ဆက်လက် ဖူးမြော်ခြင်းဖြစ်ရာ ယနေ့ တစ်နေ့တည်းတွင် သက်တော်နှင့်ဝါတော်ကြီးသည့် ဆရာတော်ကြီး(၂)ပါးကို တနေ့တည်း ဖူးမြော်ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံအတွင်း တောင်တန်းဒေသနှင့်မြေပြန့်ဒေသရှိ ကျေးရွာများတွင် လေကြောင်းဖြင့် တိုက်ခိုက်ခြင်း လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို များများ ပြုလုပ်လေလေ ၎င်းအနေဖြင့် ဘာသာရေးကို ပိုမိုလုပ်ပြလေလေဟု နိုင်ငံရေးလေ့လာသူများက ရှုမြင်ထားကြသည်။