တာချီလိတ်လေယာဉ် ပြေးလမ်းတိုးချဲ့သည့် ကာလအတွင်း တစ်ပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ (၃)ရက်သာ လေယာဉ်ပျံသန်းမည်

တာချီလိတ်လေယာဉ် ပြေးလမ်းတိုးချဲ့သည့် ကာလအတွင်း တစ်ပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ (၃)ရက်သာ လေယာဉ်ပျံသန်းမည်
မတ် 31, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တာချီလိတ်လေယာဉ်ကွင်း၏ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းဆောင်ရွက်မည်ဖြစ်သည့်အတွက် တာချီလိတ်ခရီးစဉ်များကို တစ်ပတ်လျှင် (၃)ရက်သာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

မူလက တစ်ပတ်လျှင် (၇)ရက် ပျံသန်းနေရာမှ ယခုအခါတွင် လေယာဉ်ပြေးလမ်းတိုးချဲ့မှု လုပ်ဆောင်နေချိန်အတွင်း လေယာဉ်ခရီးစဉ်များကို ၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့က စပြီး   တစ်ပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ (၃)ရက်သာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

 တစ်ပတ်လျှင် (၃)ရက်သာ ပျံသန်းမည့် အစီအစဉ်ကို လတ်တလောတွင် ဧပြီလ တစ်လလုံး သတ်မှတ်ထားပြီး မေလ နှင့် ဇွန်လအထိ တစ်ပတ်လျှင် (၃)ရက် ပျံသန်းနိုင်ဖွယ်ရှိသော်လည်း လေယာဉ်ပြေးလမ်းတိုးချဲ့သည့် လုပ်ငန်းကြာမြင့်သည့် ကာလပေါ်တွင် မူတည်ကြောင်း သိရသည်။

တစ်ပတ်လျှင် သောကြာ၊ စနေ နှင့် တနင်္ဂနွေ  (၃)ရက်သာ ပျံသန်းမည့် ခရီးစဉ်များအဖြစ် Mingalar ( Air KBZ )က Website တွင် ဇွန်လအထိ ဖော်ပြထားပြီး  Air Thanlwin က မေလအထိ ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

တာချီလိတ်မြို့ကနေ အဓိကအားဖြင့် ဟဲဟိုး၊ မန္တလေး၊ လားရှိုး၊ ရန်ကုန် စသည့် မြို့များသို့   Mann Yadanarpon Airlines  ၊ Mingalar ( Air KBZ )၊ Air Thanlwin နှင့် Myanmar National Airlines တို့ ပျံသန်းနေခြင်း ဖြစ်သည်။