တာချီလိတ် နှင့် ကျိုင်းတုံတို့တွင် အာဏာမသိမ်းမီက မူးယစ်မှုနှင့်ခြေချုပ်တို့ဖြင့် အမှုရင်ဆိုင်နေရသူ (၂၃)ဦးကို ပထမအသုတ်အဖြစ် အမှုပိတ်ပြီး လွှတ်ပေး 

တာချီလိတ် နှင့် ကျိုင်းတုံတို့တွင် အာဏာမသိမ်းမီက မူးယစ်မှုနှင့်ခြေချုပ်တို့ဖြင့် အမှုရင်ဆိုင်နေရသူ (၂၃)ဦးကို ပထမအသုတ်အဖြစ် အမှုပိတ်ပြီး လွှတ်ပေး 
ဇူလိုင် 23, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မူးယစ်မှုနှင့် ခြေချုပ်မှုတို့ထဲက (၂၃) ဦးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့တွင် ပထမအသုတ်အဖြစ် အမှုပိတ်ကာ လွှတ်ပေးလိုက်သည်ဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာပြစ်မှု အပါအဝင် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပြစ်မှုတို့ဖြင့် အမှုရင်ဆိုင်နေဆဲ ကျိုင်းတုံမှ (၁၄) ဦးနှင့် တာချီလိတ်မှ (၉) ဦးတို့ကို ဇူလိုင်လ (၂၂) ရက်နေ့က အမှုပိတ်ပြီး လွှတ်ပေးလိုက်ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အရှေ့ပိုင်းအနေဖြင့် ကျန်ရှိနေသည်များ ဆက်လက်လွှတ်ပေးရန်အတွက် စိစစ်နေလျက်ရှိကြောင်းလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှ လူပေါင်း (၅,၃၃၃)ဦး ကို စွပ်စွဲဖမ်းဆီးထားသည့် စစ်အာဏာသိမ်းအဖွဲ့က ဖေဖေါ်ဝါရီလ (၁) ရက်နေ့မတိုင်မီ ကျူးလွန်ခဲ့သည့် ပြစ်မှုဆိုင်ရာအမှုများဖြင့် တရားရင်ဆိုင်နေရသူများကို အမှုပိတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက  ဇူလိုင်လ (၂၀) ရက်နေ့က ကြေညာပြီးနောက် ဇူလိုင်လ(၂၂)ရက်နေ့တွင် မြို့အသီးသီးတွင် စတင် လွှတ်ပေးလာနေခြင်း ဖြစ်သည်။

အကျဉ်းထောင်များ၊ အချုပ်ခန်းများတွင် လူအများအပြားဖြစ်နေပြီး COVID 19 ကူးစက်မှုလည်းရှိလာရာ ခိုးမှု၊ သစ်တော၊ မူးယစ်၊ လောင်းကစား၊ လက်နက်၊ ပြည့်တန်ဆာ၊ ရဲပြစ်မှုနှင့် ရုပ်သံဆိုင်ရာ ဥပဒေတစ်ခုခုကြောင့် အမှုရင်ဆိုင်နေရသူများအား အာဏာသိမ်းစစ်ကောင်စီက အမှုပိတ်သိမ်း၍ အကျဉ်းထောင်၊ အချုပ်ထောင်များမှ ပြန်လွှတ်ပေးနေခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ပြစ်မှုကျူးလွန်သူများအား အမှုပိတ်လွှတ်ပေးသည့်နေ့မှာပင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ ထောင်မှထွက်လာသူ (၂၀) ဝန်းကျင်အဖွဲ့ဖြင့် ဓါးပြတိုက်လုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

#TachileikNewsAgency