အထူးတလည် ဘာမှမလုပ်ရဘဲ ဝင်ငွေရနေသည့် ဂျပန်အမျိုးသား

ဘာမှ အလုပ်ရဘဲ ဝင်ငွေရနေသည့် ဂျပန်အမျိုးသား ရှိုဂျီမိုရီမိုတို
ဘာမှ အလုပ်ရဘဲ ဝင်ငွေရနေသည့် ဂျပန်အမျိုးသား ရှိုဂျီမိုရီမိုတို
အထူးတလည် ဘာမှမလုပ်ရဘဲ ဝင်ငွေရနေသည့် ဂျပန်အမျိုးသား
စက်တင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံမှ ရှိုဂျီမိုရီမိုတို အမည်ရှိ အမျိုးသားက  ဘာမှလုပ်စရာမလိုအပ်ဘဲ ဝင်ငွေရနေသူဖြစ်နေ၍ လူအချို့ အိပ်မက် မက်ကြရသည့် အလုပ်အကိုင်မျိုး ရှိထားသူဟုပင် ဆိုရမည့်သူ ဖြစ်သည်။  

တိုကျိုမြို့ခံ အသက် (၃၈) နှစ်အရွယ် မိုရီမိုတိုက ရိုးရိုးရှင်းရှင်း အဖော်အဖြစ် အနားတွင် အတူရှိနေပေးမှုအတွက် ၎င်းကို ငှားရမ်းသည့် ဖောက်သည်တစ်ဦးထံမှ ယန်းငွေ (၁၀,၀၀၀) (မြန်မာကျပ်ငွေ အနည်းဆုံး တစ်သိန်းခွဲ) ဝန်ဆောင်ခ ရရှိနေသည်။

"အခြေခံအားဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် အငှားချလိုက်တာပဲပေါ့။ ကျွန်တော့်အလုပ်က ကျွန်တော့်ဖောက်သည်တွေ ရှိနေစချင်တဲ့နေရာမှာ အတူရှိနေပေးရပြီး အထူးတလည် ဘာမှမလုပ်ရပါဘူး" မိုရီမိုတိုက Reuters သတင်းဌာနကို ပြောသည်။

 မိုရီမိုတိုက ပြီးခဲ့သည့် (၄) နှစ်အတွင်း ၎င်းကို အဖော်အဖြစ် အတူရှိနေရန် ငှားရမ်းမှု (၄,၀၀၀) ခန့်ရှိခဲ့သည်ဟု ဆိုသည်။

အရပ်ရှည်ရှည်နှင့် ပုံမှန်ရုပ်ရည်ရှိသော မိုရီမိုတိုက Twitter တွင် follower (၂၅၀,၀၀၀) နီးပါးရှိပြီး ၎င်း၏ ဖောက်သည်အများစုမှာ ထို follwer များထဲမှဖြစ်ကြောင်း သိရသည်။ 

အကြမ်းဖျင်းအားဖြင့် ၎င်းကို ငှားရမ်းကြသူများက နောက်တစ်ကြိမ် ထပ်မံ ငှားရမ်းလေ့ရှိကြပြီး ဖောက်သည်တစ်ဦးက မိုရီမိုတိုကို အဖော်အဖြစ် ဘေးနားတွင်ရှိနေပေးရန် အကြိမ် (၂၇၀) ငှားရမ်းခဲ့သည်ဟု ဆိုသည်။

မိုရီမိုတို၏ အလုပ်မှာ ထိုဖောက်သည် အမျိုးသားကို ဆီးဆော (see-saw) အတူကစားလိုသည့် ပုဂ္ဂိုလ်နှင့်အတူ ပန်းခြံသို့ ခေါ်ဆောင်ပေးရခြင်း ဖြစ်သည်။ 

ထို့အတူ ရထားပြတင်းပေါက်ကနေ ဖောက်သည်က နှုတ်ဆက်လိုသည့် သူစိမ်းတစ်ဦးကို မိုရီမိုတိုက ပြုံးရယ်ပြပြီး လက်ပြနှုတ်ဆက်ပေးသည်ဟု ဆိုသည်။

 ဘာမှမလုပ်ဘဲ ဝင်ငွေရနေခြင်းက ဘာမဆိုလုပ်မည်ဟု မဆိုလိုကြောင်း မိုရီမိုတိုက ပြောသည်။

၎င်းက ရေခဲသေတ္တာ သယ်ပေးရန်နှင့် ကမ္ဘောဒီးယားသို့သွားရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ တောင်းဆိုချက်များကိုလည်း လက်မခံကြောင်း သိရသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မိုရီမိုတိုက အသက် (၂၇) နှစ်အရွယ် အချက်အလက် လေ့လာဆန်းစစ်သူ Aurna Chida နှင့် အတူထိုင်ကာ လက်ဖက်ရည်သောက် ကိတ်မုန်းစားရင်း စကားစမည်ပြောပြီး အဖော်ပြုခဲ့သည်။

Chida က လူကြားထဲတွင် အိန္ဒိယဝတ်စုံ ဝတ်ဆင်သွားလာချင်ခဲ့သော်လည်း အတူသွားလာနေသည့် သူမ၏ သူငယ်ချင်းများ အရှက်ရမည်ကို စိုးရိမ်တာကြောင့် မိုရီမိုတိုကို အဖော်ပြုပေးရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ 

"သူငယ်ချင်းတွေနဲ့ကျတော့ သူတို့ကို ဧည့်ခံရမယ်လို့ ကျွန်မ ခံစားမိတယ်။ ဒါပေမဲ့ အငှားကောင်လေး မိုရီမိုတိုနဲ့ကျတော့ စကားပြော ဧည့်ခံဖို့လိုတယ်လို့ မခံစားရဘူး" ဟု သူမက ပြောသည်။

မိုရီမိုတိုက ၎င်း၏ စိန်ခေါ်မှုအစစ်အမှန်ကို ရှာမတွေ့မီက ထုတ်ဝေရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး ဘာမှမလုပ်ကြောင်း အပြစ်တင်ခံခဲ့ရသည်ဟု ဆိုသည်။ 

"ဘာမှမလုပ်ဘူးဆိုကြတဲ့ ကျွန်တော့်စွမ်းရည်ကို ဖောက်သည်တွေအတွက် ဝန်ဆောင်မှုတစ်ခုအဖြစ် ပေးနိုင်မယ်ဆိုရင် ဘာဖြစ်လာမလဲလို့ ကျွန်တော် စတွေးမိလာခဲ့တယ်" ဟု မိုရီမိုတိုက ပြောသည်။

အဖော်အဖြစ် ဘေးနားတွင်ရှိနေပေးသည့် မိုရီမိုတို၏ အလုပ်က ၎င်းအတွက် အဓိက ဝင်ငွေရင်းမြစ်ဖြစ်ပြီး ဇနီးနှင့်ကလေးကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။ 

မိုရီမိုတိုက ထိုအလုပ်ကနေ ဝင်ငွေမည်မျှရရှိနေကြောင်းကိုမူ ထုတ်ဖော်မပြောခဲ့ပေ။ 

သို့သော် တစ်ရက်လျှင် ဖောက်သည် (၁) ဦး သို့မဟုတ် (၂) ဦးရှိသည်ဟု ဆိုသည်။ 

COVID-19 ကပ်ရောဂါမတိုင်မီက တစ်ရက်လျှင် ဖောက်သည် (၃) ဦး သို့မဟုတ် (၄) ဦးရှိခဲ့ကြောင်းလည်း သိရသည်။

Source: Reuters

Photo:  morimotoshoji