မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားမှု ဆက်လက်ကြားနာမည်ဟု ICJ ဆုံးဖြတ်

Photo: ICJ
Photo: ICJ
မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားမှု ဆက်လက်ကြားနာမည်ဟု ICJ ဆုံးဖြတ်
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကုလသမဂ္ဂ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး International Court of Justice (ICJ) တွင် တရားစွဲဆိုမှုကို လက်ခံကြားနာခြင်းမပြုရန် မြန်မာဘက်က ကန့်ကွက်ချက်အား ICJ က ဇူလိုင်လ (၂၂) ရက်တွင် ပယ်ချလိုက်လိုက်ပြီး အဆိုပါ အမှုကို ဆက်လက်ကြားနာမည်ဟု ဆုံးဖြတ်လိုက်သည်။

ICJ ၏ ယခုဆုံးဖြတ်ချက်က ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုကို ကြားနာစစ်ဆေးမှု အပြည့်အဝ ဆက်လက် လုပ်ဆောင်ရန် လမ်းပွင့်သွားခဲ့ပြီး ထိုလုပ်ငန်းစဥ်မှာ နှစ်များနှင့်ချီ ကြာမြင့်နိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံကဘက်က ရိုဟင်ဂျာကိစ္စနှင့် ပတ်သက်ပြီး ဂမ်ဘီယာအနေဖြင့် ICJ တွင် တရားစွဲဆိုခွင့် မရှိကြောင်းဖြင့် ကန့်ကွက်ခဲ့သည်။

သို့သော် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံအားလုံးက လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန် လုပ်နိုင်ဆောင်နိုင်ကြောင်းနှင့် လုပ်ဆောင်ရန် တာဝန်ရှိကြောင်း တရားသူကြီး (၁၃) ဦး ပါဝင်သည့်အဖွဲ့က တွေ့ရှိခဲ့ပြီး အမှုကို ICJ က တရားစီရင်ပိုင်ခွင့်ရှိကြောင်း တရားသူကြီး Judge Joan Donoghue က ပြောခဲ့သည်။

ယခုအခါ  ICJ တရားရုံးက ထိုအမှုကို ကြားနာစစ်ဆေးမှု ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်များနှင့်ချီ ကြာမြင့်နိုင်သည်။ 

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် ရိုဟင်ဂျာမွတ်စလင်မ်များကို ကျူးလွန်မှုများမှာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဂမ်ဘီယာက မြန်မာကို ၂၀၁၉ ခုနှစ်၌ တရားစွဲခဲ့သည်။

Source: Al Jazeera