ရန်ကုန်မြို့ ဆူးလေကုန်းတံတားအောက်တွင် ဗုံးပေါက်ပြီး (၄)ဦးဒဏ်ရာရ

ရန်ကုန်မြို့ ဆူးလေကုန်းတံတားအောက်တွင် ဗုံးပေါက်ပြီး (၄)ဦးဒဏ်ရာရ
မတ် 28, 2024 | 2021 Military Coup

 ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်း Sule Square ဘေးရှိ ဆူးလေကုန်းတံတားအောက်တွင်  ၂၀၂၄ ခုနှစ် မတ်လ(၂၇) ရက်နေ့ ည(၇)နာရီခွဲကျော်က ဗုံးပေါက်ကွဲပြီး လူ(၄)ဦးဒဏ်ရာ ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူများမှာ လူငယ်များဖြစ်ပြီး ပလုံ ကောက်သူများဖြစ်ကြောင်း သိရသည်။

"ဆူးလေဂုံးကျော်တံတားနဲ့ ရှန်ဂီလာဟိုတယ်ဘေးနားမှာ ဗုံးပေါက်တာ။ လူထိတာတော့ သိရတယ်။ စစ်ကောင်စီတပ်တွေ၊ ရဲတွေရောက်နေတော့ အသေးစိတ်ကို မသိရဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

အဆိုပါ ပေါက်ကွဲသည့်နေရာကို စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေး‌ခဲ့ကာ ဒဏ်ရာရသူများကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ခေါ် ဆောင်သွားသည်ဟု သိရသည်။

ဗုံးကို မည်သည့်အဖွဲ့အစည်းက‌ ထောင်သည်ကိုမူ မသိရသေးသော်လည်း ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုများကမူ စစ်ကောင်စီနှင့်သက်ဆိုင်သည့် နေရာများကိုသာ တိုက်ခိုက်နေပြီး အများပြည်သူအသုံး ပြုသည့်နေရာများတွင် ဗုံးခွဲခြင်းမရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။