မင်းပြားမြို့နယ် မူဆလင်ရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ မူဆလင် ၃၀ ကျော်သေဆုံး ၂၀ ကျော်ဆေးရုံတင်ထားရ

မင်းပြားမြို့နယ် မူဆလင်ရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲရာ မူဆလင် ၃၀ ကျော်သေဆုံး ၂၀ ကျော်ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ သာဒေမူဆလင်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် (၃၀)ဦးကျော်သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က Jet Fighterဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ(၂၁)ဦးမှာ ပွဲချင်းပြီးသေဆုံးသွားပြီး (၁၀)ဦးဝန်းကျင်မှာ ဆေးရုံအရောက်တွင် ထပ်မံသေဆုံးကာ (၂၁)ဦးကို ဆေးကုသပေးနေရဆဲဖြစ်သည်ဟု သိရသည်။

“ဟုတ်တယ်။ ဂျက်လေယာဉ်နဲ့ ည(၁)နာရီလောက်မှာ လာကြဲသွားတာ။ (၃၀)လောက်သေတယ်။ (၂၀)ကျော် ဆေးရုံမှာ။ ချက်ချင်းသေတာက (၂၁)ယောက်၊ ဆေးရုံမှာထပ်သေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သာဒေကျေးရွာမှ နေအိမ်အများအပြား ပျက်စီးသွားပြီး  သေဆုံးသူများထဲတွင် ကလေးများ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးပိုင်းများ ပါဝင်သွားသည်ဟု သိရသည်။

“ဗုံးက နှစ်လုံးကြဲသွားတာ။ အိမ်တွေတော်တော်များများပျက်စီးသွားတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ လူကြီးတွေပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ထပ်ပြောသည်။

သာဒေမူဆလင်ရွာသည် မင်းပြားမြို့နယ် မြောက်ဘက် (၃)မိုင်ခန့်အကွာတွင်ရှိပြီး အိမ်ခြေ(၃၀၀)ကျော်ခန့်ရှိကာ မူဆလင်လူမျိုးများ နေထိုင်သည့် ရွာတစ်ရွာဖြစ်သည်။ 

မင်းပြားမြို့နယ်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီသည် စစ်ရေး ပစ်မှတ်မဟုတ်သည့် ကျေးရွာများကို လေကြောင်းမှ လာရောက် ဗုံးကြဲနေခြင်းများရှိပြီး ၎င်းတို့တိုက်ခိုက်ပြီးနောက် မဟုတ်မမှန် ဝါဒဖြန့်ချီခြင်းများ ပြုလုပ်ကြသည်။

#TachileikNewsAgency

Photo: CJ