ရွှေဘိုမြို့နယ်တွင် ပန်းရံအလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

ရွှေဘိုမြို့နယ်တွင် ပန်းရံအလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ‌ရွှေဘိုမြို့နယ်၌ ပန်းရံအလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး သုသာန်၌ ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်‌နေ့ နံနက်ပိုင်းတွင် အလောင်းစွန့်ပစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေဘိုမြို့နယ် တက္ကဏန်းကျေးရွာအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် အင်အား(၅၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်များ ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာအတွင်း တပ်စွဲခဲ့ကြောင်း သိရသည်။

တက္ကဏန်းရွာသို့ ပန်းရံလာလုပ်သည့် ရွှေဘိုမြို့ အမှတ်(၁၀)နယ်မြေ နွားလေးကုန်းရပ်ကွက်နေ ကိုဇင်မင်းထွန်း(၃၀)နှစ်အပါ ပန်းရံဆရာ ကိုသူရအဖွဲ့ (၈)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

"တက္ကဏန်းမှာ မြို့တွင်းကနေ ပန်းရံအလုပ်လာလုပ်နေတဲ့အဖွဲ့ပါ။စစ်ကြောင်းဝင်တော့ ရှောင်ချိန်မရဘဲ ဖမ်ဆီးခံရတာပါ။ အခုသူ့ကို မြေချပေးထားပါတယ်။ တက္ကဏန်းသုဿန်မှာပဲ။ ပစ်ခတ်ဝင်လာတော့ ရွာသူ၊ ရွာသား‌တွေလည်း ထိခိုက်မှုကတော့ (၆)ဦးရှိတယ်။ 

တစ်ဦးက စိုးရိမ်ရတယ်။"ဟု ဒေသကာကွယ်ရေးတပ်ဖြစ်သည့် Phoenix Defence Forceမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီး၊ အမျိုးသား(၇)ဦးကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးသော်လည်း ကိုဇင်မင်းထွန်းအား ပြန်မလွှတ်ပေးခဲ့ဟု ဆိုသည်။

ထို့နောက် ယနေ့ ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် တက္ကဏန်းကျေးရွာသုဿန်၌ ကိုဇင်မင်းထွန်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် တက္ကဏန်းကျေးရွာနှင့် ရွှေဘိုမြို့အဝင် မုဒ်ဦး၌ ဘန်ကာများလုပ်ကာ အထိုင်ချထားသည်ဟုလည်း သိရသည်။

#TachileikNewsAgency