ပုလောရှိ PDF ရှေ့တန်းယာယီတပ်စခန်း ဝင်စီးခံရကာ ရဲဘော် ၇ ဦး ကျဆုံးပြီး ၆ ဦး ပျောက်ဆုံးနေ

ပုလောရှိ PDF ရှေ့တန်းယာယီတပ်စခန်း ဝင်စီးခံရကာ ရဲဘော် ၇ ဦး ကျဆုံးပြီး ၆ ဦး ပျောက်ဆုံးနေ
စက်တင်ဘာ 19, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြဒေါင်ရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းယာယီတပ်စခန်း ၂၀၂၃ခုနှစ် စက်တင်ဘာ (၁၈)ရက်နေ့က ဝင်ရောက်စီးနင်းခံခဲ့ရကာ PDFရဲဘော် (၇)ဦး ကျဆုံးပြီး (၆)ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့ကတည်းကစတင်ကာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာများအား နှစ်ဘက်တပ်ဖွဲ့များက ထိန်းချုပ်ရန် ကြိုးစားနေရာက PDFတပ်ဖွဲ့၏ ရှေ့တန်းယာယီစခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ် ကျဆုံး(၇)ဦး ပျောက်ဆုံး(၆)ဦးပါ။ ဆက်သွယ်ရေးလည်း ပြတ်တောက်နေတယ်။ ပြီးတော့ ပျောက်ဆုံးရဲဘော်တွေကို ရှာနေဆဲပါ။ ဖြစ်စဉ်အသေးစိတ် မသိရသေးဘူး။”ဟု မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက Tachileik News Agencyကို စက်တင်ဘာလ (၁၈)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီလော်ဘီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော် (၁၄)ဦး သေဆုံးပြီး သေနတ်(၇)လက် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

ပုလောမြို့နယ် လက္ကူး၊ ပြင်းဖြူရပ်ကွက်နှင့် မြဒေါင်တဝိုက်ကို စက်တင်ဘာလ (၁၇)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များက မြဒေါင်ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ဒေသခံ(၄)ဦးကို ပစ်သတ်သွားခဲ့သည်။

လက်ရှိတွင် ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုအတွင်းမှ လက္ကူး၊ မှော်ကြောင်း၊ တိုကျေးရွာအုပ်စုမှ ပိတပ်နှင့် မြဒေါင်ရွာတို့ရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency