(၂)နှစ်ခွဲဝန်းကျင်အကြာ အာဏာသိမ်းထားသည့် စစ်ကောင်စီက အာဏာသိမ်းကာလ သက်တမ်း (၆)လ ထပ်တိုးကြောင်း ကြေညာ

(၂)နှစ်ခွဲဝန်းကျင်အကြာ အာဏာသိမ်းထားသည့် စစ်ကောင်စီက အာဏာသိမ်းကာလ သက်တမ်း (၆)လ ထပ်တိုးကြောင်း ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် နေပြည်တော်၌  ကာလုံ(အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)အစည်းအဝေး ပြုလုပ်ပြီး အာဏာသိမ်းကာလကို နောက်ထပ် သက်တမ်း(၆)လ သက်တမ်း ထပ်တိုးကြောင်း ကြေညာလိုက်သည်။

၂၀၂၀ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရထားပြီး ဒုတိယအကြိမ် အစိုးရဖွဲ့ရန် ပြင်ဆင်နေသည့် ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် အမှုဆင်ဖမ်းဆီးကာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အရေးပေါ် ကာလသက်တမ်းတစ်နှစ်ကြေညာခဲ့ပြီးသည်။

 

ယင်းနောက် သက်တမ်း(၁)နှစ် ပြည့်သွားသော်လည်း နောက်ထပ်(၆)လအဖြစ်  သက်တမ်း(၃)ကြိမ် ဆက်တိုက် ထပ်မံထပ်တိုးခဲ့ကာ ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် စတုတ္ထအကြိမ်အဖြစ် သက်တမ်း(၆)လကို ထပ်မံတိုးရယူခဲ့ခြင်းဖြစ်သည်။ 

စစ်တပ်က စိတ်ကြိုက်ရေးဆွဲ ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဌာန်းချက်များအရ အရေးပေါ်ကာလကို (၂)နှစ်အထိ ကြေညာနိုင်ပြီး (၁)နှစ်သက်တမ်းတစ်ကြိမ်နှင့် (၆) လသက်တမ်း (၂) ကြိမ်အထိသာ သက်တမ်းတိုးခွင့်ရှိဟု ဖော်ပြထားသည်ကို တွေ့ရသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် အခြေခံဥပဒေကို လိုသလို အသုံးချနေခြင်းဖြစ်သည်။

အာဏာသိမ်း သက်တမ်း ထပ်တိုးရန်အတွက်  ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ စစ်တပ်ဘက်က ယာယီသမ္မတ ဦးမြင့်ဆွေ အပါအဝင်   ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့်  ဒုခေါင်းဆောင် စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအဝင် ကာလုံအဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိအားပေးမှုကြောင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူလည်း တက်ရောက်လာရကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃,၈၅၀)ဦး ရှိခဲ့ပြီး ဖမ်းဆီးခံရသူများမှာလည်း  ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ထိတိုင်  စုစုပေါင်း (၂၄,၁၀၀)ဦးရှိသည့်အပြင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဖော်ပြပါ စာရင်းများသည် AAPP ၏ လက်လှမ်းမှီသမျှ စာရင်းများသာဖြစ်ပြီး ဆက်သွယ်ရေးပြတ်တောက်နေသည့် ကျေးရွာများနှင့် အချို့သောနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်များကြောင့် သေဆုံးသူများစွာ ရှိနေဦးမည်ဖြစ်ကြောင်းလည်း AAPP က ဆိုထားသည်။

#TachileikNewsAgency