တန့်ဆည်တွင် ဒေသခံ(၃)ဦးကို စစ်ကောင်စီတပ်က သတ်သွား

တန့်ဆည်တွင် ဒေသခံ(၃)ဦးကို စစ်ကောင်စီတပ်က သတ်သွား

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သာ‌‌ကေတရွာနှင့် ချောင်းရိုးကျေးရွာမှ ‌ဒေသခံ(၃)ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ၂၀၂၄ ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် သာကေတကျေးရွာမှ အမျိုးသားတစ်ဦးနှင့် မတ်လ(၂၁)ရက်နေ့တွင် ချောင်းရိုးကျေးရွာမှ အမျိုးသား(၂)ဦးကို ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြတ်တောက်ကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

"သတ်ခံရသူတွေကို ကြိုးတုတ်ထားတာတွေ့တယ်။ ဗိုက်ကိုဓားနဲ့ဖောက်ထားတယ်။ ခေါင်းလည်းဖြတ်ထားတယ်၊ လက်တွေလည်း ဖြတ်ထားတယ်။"ဟု တန့်ဆည် ပကဖမှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။ 

အဆိုပါ စစ်ကောင်စီတပ်သည် မတ်လ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းများ လုပ်ဆောင်သွားသည်ဟု သိရသည်။  

စစ်ကောင်စီတပ်သည် မတ်လ(၁၈)ရက်နေ့တွင် မြောက်အင်းကျေးရွာ၊ မတ်လ(၁၉)ရက်နေ့တွင် အိုးသည်ကုန်းရွာနှင့် ညောင်လေးပင်ရွာ၊ မတ်လ (၂၀)ရက်နေ့တွင် ညံသာရွာနှင့် တုတ္တလုပ်(တောင်)ရွာ၊ မတ်လ(၂၃)ရက်နေ့တွင် ချောင်းရိုးကျေးရွာနှင့် ဖန်းခါးဇင်ကျေးရွာတို့မှ နေအိမ်(၈၀)ကျော်ကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

အင်အား(၂၀၀)ကျော်ပါ စစ်ကောင်စီတပ်တွင် တန့်ဆည်နှင့် ကန့်ဘလူနယ်စပ်ရှိ ပျူစောထီးကျေးရွာများဖြစ်သော ကျွန်းလည်၊ ကဘဲ၊ ဘေရင်းနှင့် နားဋောင်းကျကျေးရွာများမှ ပျူစောထီးများလည်း ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency