ကျိုက်ထိုတွင် လူငယ်များအား စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် အုပ်ကြီး ပစ်ခတ်ခံရပြီးသေဆုံး

ကျိုက်ထိုတွင် လူငယ်များအား စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် အုပ်ကြီး ပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူခြင်းနှင့် လူစုဆောင်းခြင်းများ လုပ်ဆောင်နေသည့် တောင်ကလေးရွာ အုပ်ချုပ်ရေးမှူး ဦးစံလွင်ကို ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုထံမှ သိရသည်။

အုပ်ကြီးဦးစံလွင်အား ၎င်း၏နေအိမ်မှ အုပ်ချုပ်ရေးမှူးရုံးသို့အသွား ခမရ(၂)စစ်ကောင်စီတပ်အနီးတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအုပ်ကြီးဦးစံလွင်သည် တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းကလေးကျေးရွာနှင့် တောင်ကလေးကျေးရွာများအတွင်းမှ လူငယ်များကို စစ်မှုထမ်းရန် စာရင်းကောက်ယူခြင်း၊ စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေပြီး မတ်လ(၂၅)ရက်နေ့တွင် မဲနှိုက်ပွဲပြုလုပ်၍ လူငယ်များအား စစ်ထဲတွန်းပို့ရန် ကြိုးပမ်းနေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုသည် မတ်လ(၁၇)ရက်နေ့က စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရှုတ်ချကြောင်း၊ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီဘက်မှ ကိုယ်တိုင် ကိုယ်ကျပါဝင်၍ဖြစ်စေ၊ အားပေးကူညီ၍ ဖြစ်စေ လိုက်ပါပူးပေါင်းပါဝင်ကူညီဆောင်ရွက်သူ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စစ်ကောင်စီအားပေး ဒေါက်တိုင်များကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency