စစ်ကောင်စီနှင့် ပြည်သူ့စစ်များက လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ရာ လသားအရွယ် ကလေးငယ်အပါ (၂)ဦး သေဆုံး

စစ်ကောင်စီနှင့် ပြည်သူ့စစ်များက လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ရာ လသားအရွယ် ကလေးငယ်အပါ (၂)ဦး သေဆုံး
ဖေဖော်ဝါရီ 18, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ(၄၂၅)နှင့် (၄၂၆)တပ်များက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ  (၁၇)ရက်နေ့ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ညပိုင်းက တပ်အတွင်း၌ လက်နက်ငယ်များဖြင့် ပစ်ဖောက်ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ပစ်ခတ်ခြင်းကြောင့် ထမ်းယံကျေးရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနှင့် ထီတမ်ကျေးရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ကလေးငယ်၏ မိဘ(၂)ပါးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ထီတမ်ကျေးရွာမှာ ဒေသခံ(၂)ဦးနှင့် ထမ်းယံကျေးရွာမှ ဒေသခံ(၅)ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊ လုံးဟီးနှင့် စငေါ ကျေးရွာများဘက်သို့လည်း လက်နက်ကြီးဖြင့် အချက် ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:PNLA News & Information Department