မန္တလေးတွင် အုပ်စုဖွဲ့ပြီး လူသတ်ကာ ဆိုင်ကယ် လုယက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

မန္တလေးတွင် အုပ်စုဖွဲ့ပြီး လူသတ်ကာ ဆိုင်ကယ် လုယက်သည့် အဖွဲ့ကို ဖမ်းဆီးရမိ

 မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်ပြီး ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရာ ၎င်းတို့သည် မန္တလေးတွင် ဓါးထောက်လုယက်မှုများကို အကြိမ်ကြိမ်ပြုလုပ်နေသူများ ဖြစ်ကြောင်း သိရသည်။

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကန်ကောက်ရပ်ကွက် ၅၃လမ်း၊ ၂၇x၂၉(A) လမ်းကြားတွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ မွန်းလွဲ(၁)နာရီ ဝန်းကျင်အချိန်က အမျိုးသားတစ်ဦး စီးလာသည့် Scoopyi အမျိုးအစား ဆိုင်ကယ်တစ်စီးကို လူ(၄)ဦးက အသင့်ပါလာသည့် ဓါးများဖြင့် ထိုးပြီး လုယက်ရာမှ အဆိုပါ အမျိုးသားမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားခံများဖြစ်သည့် အသက်(၂၂)နှစ်အရွယ် ချမ်းမြေ့အောင်(ခ)ဒေါက်ဒေါက်၊ အသက်(၁၇)နှစ်အရွယ် တိုးဝေ(ခ)တိုးတက်(ခ)အားထစ်၊ အသက်(၁၇)နှစ်အရွယ် ရဲဝင်း နှင့် အသက်(၁၈)နှစ်အရွယ် ကျော်ကြီး(ခ)ကျော်ကျော်မြင့်တို့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားသည့် ဖြစ်စဉ် CCTV မှတ်တမ်းသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများ၏ ကနဦး ထွက်ဆိုချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်များတွင် လူအသွားအလာနည်းပါးသည့် နေရာများကို အဓိက ပစ်မှတ်ထားကာ အုပ်စုဖွဲ့ပြီး တစ်ယောက်တည်း သို့မဟုတ် နှစ်ယောက်တစ်တွဲ စီးလာသည့် ဆိုင်ကယ်များကို ယခုလို လုယက်မှုများကို ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့သူများ ဖြစ်သည်ဟု သိရသည်။