ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ရာထူးဆိုင်းငံ့ပြီး ဝန်ကြီးချုပ်ရုံးသို့ ရွှေ့ပြောင်းကာ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေး

ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ရာထူးဆိုင်းငံ့ပြီး ဝန်ကြီးချုပ်ရုံးသို့ ရွှေ့ပြောင်းကာ ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေး
By Mr John

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ ဒုရဲချုပ်က တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းတစ်ခုတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုများနှင့်အတူ ထိုင်းရဲတပ်ဖွဲ့အတွင်း အာဏာလွန်ဆွဲမှု ကောလဟလများ ထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ရဲချုပ်နှင့် ဒုရဲချုပ်တို့ကို ၂၀၂၄ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ရာထူးမှ ယာယီဆိုင်းငံ့လိုက်သည်။



တရားမျှတမှုနှင့် ပြည်သူ့ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန် ရည်ရွယ်သည့် လုပ်ဆောင်မှုအဖြစ် ရဲတပ်ဖွဲ့ ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol နှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate Hakparn တို့ကို ဝန်ကြီးချုပ်ရုံးသို့ ရွှေ့ပြောင်းလိုက်ကြောင်း ဝန်ကြီးချုပ် ဆရတ်သာက ထုတ်ပြန်သည်။ 

၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးတွင် ရဲကော်မရှင် Police Commission အစည်းအဝေးကို ဦးဆောင်ပြုလုပ်ခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆရတ်သာ၏ ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ Royal Thai Police အနေဖြင့် အများပြည်သူအကျိုးအတွက် ဂုဏ်သိက္ခာရှိစွာ တာဝန်ထမ်းဆောင်နိုင်ရမည်ဟု ထိုင်းဝန်ကြီးချုပ်က အလေးအနက် ပြောကြားခဲ့ပြီး မည်သည့်ပုံစံဖြင့် ဝင်ရောက်စွက်ဖက်မှုမျိုးကိုမဆို လက်မခံကြောင်း ထိုအစည်းအဝေးအပြီး သတင်းထောက်များကို တွေ့ဆုံစဥ် ၎င်းက‌ပြောသည်။

"ကျွန်တော်တို့က ဒီကိစ္စနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်ကြပြီး လူတိုင်းက သူတို့အလုပ်အပေါ် အာရုံစိုက်နိုင်မှာ မဟုတ်ဘူး" ဟု ဝန်ကြီးချုပ် ဆရတ်သာက ဆိုသည်။ 

ထိုင်းရဲချုပ်နှင့် ဒုရဲချုပ်တို့ကို စုံစမ်းစစ်ဆေးရေးကော်မတီက စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ၎င်းတို့ကို ဝန်ကြီးချုပ်ရုံးသို့ ရွှေ့ပြောင်းလိုက်ခြင်းမှာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဥ် အဆင်ပြေချောမွေ့စေရန်နှင့် ဖြစ်လာနိုင်သည့် ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားရန် ရည်ရွယ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့သည်။

Source: Bangkok Post, Khaosod English