ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှုအတွင်း လူ (၇) ဦး သေဆုံး

Photo: AFP/Handout/Philippine Coastguard
Photo: AFP/Handout/Philippine Coastguard
ဖိလစ်ပိုင် ကူးတို့သင်္ဘော မီးလောင်မှုအတွင်း လူ (၇) ဦး သေဆုံး
By Mr John

 ဖိလစ်ပိုင်နိုင်ငံတွင် ကူးတို့သင်္ဘောတစ်စီး မေလ (၂၃) ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၇) ဦးသေဆုံးပြီး ခရီးသည်များ သင်္ဘောပေါ်ကနေ ရေထဲသို့ ခုန်ချခဲ့ကြရကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။

Polillo ကျွန်းမှ လူဇွန်ကျွန်းမကြီးပေါ်ရှိ Quezon ပြည်နယ် Real မြို့သို့ ဦးတည်ခုတ်မောင်းလာသည့် Mercraft 2 ကူးတို့သင်္ဘောပေါ်တွင် မေလ (၂၃) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားစဥ် ကူးတို့သင်္ဘောပေါ်တွင် ခရီးသည် (၁၃၄) ဦးနှင့် သင်္ဘောအမှုထမ်းများ လိုက်ပါလာခဲ့ကြကြောင်း နှင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် အဆိုပါ သင်္ဘောမှာ လူ (၁၈၆) ဦး လိုက်ပါနိုင်ကြောင်း သိရသည်။

မီးလောင်မှုအတွင်း လူ (၇) ဦး သေဆုံးခဲ့ပြီး အခြား (၇) ဦး ပျောက်ဆုံးနေကြောင်းနှင့် လူ (၁၂၀) ကို ကယ်ဆယ်ခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရအမျိုးသား ရေတပ်ဗိုလ်မှူးချုပ် Armando Balilo က ပြောသည်။ 



"ပေါက်ကွဲသံတစ်ခု ကြားခဲ့တယ်။ အဲဒီကူးတို့သင်္ဘောကို တွေ့ရတဲ့အချိန်မှာ မီးလောင်နေပြီး ခရီးသည်တွေက ပင်လယ်ထဲမှာ မျောနေကြတယ်" ဟု အခြား ကူးတို့သင်္ဘောတစ်စီးဖြင့် ခရီးသွားနေခဲ့သူ အသက် (၁၈) နှစ်အရွယ် အထက်တန်းကျောင်းသား Kycel Pineda က ပြောသည်။

Mercraft 2 ကူးတို့သင်္ဘောမှ မီးခိုများထူထပ်စွာထွက်နေခဲ့ပြီး သင်္ဘောတစ်စီးလုံး မီးလောင်ကျွမ်းနေမှုကို ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည့်ဓာတ်ပုံများတွင် တွေ့ရသည်။

မီးလောင်မှုမှာ ကူးတို့သင်္ဘော၏ အင်ဂျင်ခန်းမှ စတင်ခဲ့ခြင်းဖြစ်ပုံရသည်ဟု Armando Balilo က ပြောသည်။

 မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့က ပြင်ဆင်နေသည်ဟု ဆိုသည်။

ကူးတို့သင်္ဘော မီးလောင်မှုအတွင်း သင်္ဘောမောင်းသူအပါအဝင် (၂၃) ဦး ဒဏ်ရာရခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။ 

မီးလောင်မှုဖြစ်ပွားစဥ် ကူးတို့သင်္ဘောမှာ ဆိပ်ကမ်းမှ (၄) မိုင်ကျော်အကွာတွင် ရှိနေခဲ့ကြောင်း Real မြို့ ဘေးအန္တရာယ်ဆိုင်ရာဌာန အရာရှိ Ricky Poblete က‌ ပြောသည်။

မီးလောင်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို ဆေးရုံတွင် ကုသပေးနေကြောင်းနှင့် သေဆုံးသူ (၇) ဦးမှာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ကျွန်းပေါင်း (၇,၀၀၀) ကျော်ရှိသည့် ဖိလစ်ပိုင်တွင် ကူးတို့သင်္ဘောများ ဘေးအန္တရာယ်ကင်းရေး စည်းမျဥ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊ ခရီးသည်များ အဆမတန်တင်ဆောင်ခြင်းတို့နှင့်အတူ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးစနစ် ညံ့ဖျင်းမှုများကြောင့် မတော်တဆမှုများ ဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။

#TachileikNewsAgency

Source: AFP