အိန္ဒိယနိုင်ငံတွင် ခရီးသည်တင် ရထား (၂) စင်း တိုက်မိမှုကြောင့် သေဆုံးသူ အရေအတွက် (၃၀၀) နီးပါးရှိလာ

အိန္ဒိယနိုင်ငံတွင် ခရီးသည်တင် ရထား (၂) စင်း တိုက်မိမှုကြောင့် သေဆုံးသူ အရေအတွက် (၃၀၀) နီးပါးရှိလာ
By Mr John

 အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်တွင် ခရီးသည်တင် ရထား (၂) စင်း တိုက်မိခဲ့မှုကြောင့် သေဆုံးသူ အရေအတွက် (၂၈၈) ဦးနှင့် ဒဏ်ရာရရှိသူ (၈၅၀) ဦးအထိ မြင့်တက်လာခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက AFP သတင်းဌာန ဇွန်လ (၃) ရက်နေ့တွင် ပြောသည်။ 

ဩရိသပြည်နယ် Balasore ခရိုင်တွင် ဇွန်လ (၂) ရက်‌ ဒေသစံတော်ချိန် ည (၇) နာရီခန့်က West Bengal ပြည်နယ် Bangalore မြို့မှ Howrah မြို့သို့ ပြေးဆွဲသော Howrah Superfast Express ရထားနှင့် Kolkata မြို့မှ Chennai မြို့သို့ ခုတ်မောင်းလာသည့် ရထားတို့ တိုက်မိခဲ့ကြခြင်း ဖြစ်သည်။ 

ရထား (၂) စင်း တိုက်မိခဲ့ပြီးနောက် ပြင်းထန်ဒဏ်ရာရရှိထားသူ များပြားကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ရထားတိုက်မှု ဖြစ်ပွားသည့်နေရာသို့ အရေးပေါ် လူနာတင်ကား (၂၀၀) ကျော် ခေါ်ယူခဲ့ရကြောင်း ဩရီသပြည်နယ် ဝန်ကြီးချုပ် Pradeep Jena က Twitter တွင် ရေးသားထားသည်။

အိန္ဒိယရထားလုပ်ငန်း၏ အဆိုအရ နိုင်ငံတဝန်း နေ့စဉ် ရထားစီး ခရီးသည် (၁၃) သန်းရှိကြောင်း သိရသည်။ 

သို့သော် အစိုးရက ချုပ်ကိုင်ထားသည့် ရထားလုပ်ငန်းတွင် သက်တမ်းရှည်ကြာပြီး ဟောင်းနွမ်းနေပြီဖြစ်သည့် အခြေခံအဆောက်အအုံများကြောင့် ဘေးကင်းလုံခြုံမှု အားနည်းချက်များရှိနေသည်။

အိန္ဒိယတွင် အဆိုးဆုံး ရထားမတော်တဆမှုအဖြစ် ၁၉၈၁ ခုနှစ်က ဘီဟာပြည်နယ်အတွင်း ရထားတစ်စင်း တံတားပေါ်မှ မြစ်ထဲသို့ ထိုးကျသွားခဲ့ပြီး ခန့်မှန်းခြေ လူ (၈၀၀) ‌ဦး သေဆုံးခဲ့ဖူးကြောင်း သိရသည်။

 

Source: Reuters

Photo: . Nantu Samui/via REUTERS, REUTERS/Stringer