မြေး ချီချင်နေသည့် အိန္ဒိယစုံတွဲ တစ်တွဲက သားနှင့်ချွေးမကို မြေး မမွေးပေးသေးလို့ တရားစွဲ

မြေး ချီချင်နေသည့် အိန္ဒိယစုံတွဲ တစ်တွဲက သားနှင့်ချွေးမကို မြေး မမွေးပေးသေးလို့ တရားစွဲ
By Mr John

 အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာရက်ခန်းပြည်နယ်မှ စုံတွဲတစ်တွဲက သားဖြစ်သူနှင့် ချွေးမတို့ကို လက်ထပ်ပြီး ခြောက်နှစ်ကြာသည်အထိ ၎င်းတို့အတွက် မြေးမရသေးတာကြောင့်တရားစွဲထားကြောင်း သိရသည်။ 

အသက် (၆၁) နှစ်အရွယ် Sanjeev Prasad နှင့် အသက် (၅၇) နှစ်အရွယ် Sadhana Prasad တို့ ဇနီးမောင်နှံက သားဖြစ်သူကို ပြုစုပျိုးထောင်ရန် စုဆောင်းငွေများကို သုံးစွဲခဲ့သလို သားဖြစ်သူ လေယာဥ်မှူးသင်တန်းတက်ရန် နှင့် ခမ်းနားသည့် မင်္ဂလာပွဲကျင်းပရန် အကုန်အကျခံခဲ့သည်ဟု ဆိုသည်။

ထိုစုံတွဲက တရားစွဲဆိုမှုတွင် သားနှင့်ချွေးမက ၎င်းတို့အတွက် တစ်နှစ်အတွင်း မြေး မမွေးဖွားခဲ့လျှင် နစ်နာကြေး အမေရိကန်ဒေါ်လာ (၆၅၀,၀၀၀) နီးပါး ပေးရမည်ဟု တောင်းဆိုထားကြောင်း သိရသည်။ 

တရားစွဲခံရသည့် သားနှင့် ချွေးမတို့ထံမှ မှတ်ချက်ရယူရန်မှာ ၎င်းတို့က တရားရုံးသို့ လာရောက်ခဲ့ကြခြင်းမရှိကြောင်း သိရသည်။ 

Sanjeev ၏ အဆိုအရ သားဖြစ်သူအတွက် ၎င်း၏ စုဆောင်းငွေအားလုံးကို သုံးစွဲခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် လေယာဥ်မှူးသင်တန်းတက်ရန် သားကို အမေရိကန်နိုင်ငံသို့ ပို့ဆောင်ခဲ့ရာ ဒေါ်လာ (၆၅,၀၀၀) ကုန်ကျခဲ့ပြီး သားဖြစ်သူက ၂၀၀၇ ခုနှစ်တွင် အိန္ဒိယသို့ပြန်လာပြီး အလုပ်လက်မဲ့ဖြစ်နေချိန်တွင်လည်း မိသားစုက နောက်ထပ် (၂) နှစ်ကြာ ငွေကြေးထောက်ပံ့ပေးခဲ့ရသည်ဟု Times of India သတင်းတွင် ဖော်ပြထားသည်။

ထို့နောက်မှာတော့ သားဖြစ်သူ အသက် (၃၅) နှစ်အရွယ် Shrey Sagar က လေယာဥ်မှူးအလုပ်ကို ရရှိခဲ့သည်။ 

 ၎င်းတို့ အငြိမ်းစားယူလိုက်စဥ် မြေးလေးတစ်ဦးနှင့် ကစားရန် မျှော်လင့်ချက်ဖြင့် သားဖြစ်သူ  Shrey Sagar ကို အသက် (၃၁) နှစ်အရွယ် Shubhangi Sinha အမည်ရှိ အမျိုးသမီးနှင့် ၂၀၁၆ ခုနှစ်အတွင်းက လက်ထပ်ပေးခဲ့သည်။

သားဖြစ်သူ၏ မင်္ဂလာပွဲကိုလည်း ကြယ်(၅)ပွင့်အဆင့် ဟိုတယ်တစ်ခုတွင် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ပြီး ဒေါ်လာ (၈၀,၀၀၀) တန် ဇိမ်ခံကားတစ်စီး ဝယ်ပေးခဲ့သလို နိုင်ငံခြားသို့ ဟန်းနီးမွန်းထွက်ရန်လည်း စီစဥ်ပေးခဲ့ကြောင်း မိဘတွေက ပြောသည်။ 

"ကျွန်တော့်သားက အိမ်ထောင်ပြုထားတာ ခြောက်နှစ်ကြာပြီဗျ။ ဒါပေမဲ့ သူတို့က အခုထိ ကလေးယူဖို့ မစီစဥ်သေးဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နဲ့အတူနေဖို့ မြေးလေးတစ်ယောက်ရှိရင် ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကို သည်းခံနိုင်လာမယ်လေ" ဟု ဖခင်ဖြစ်သူ Sanjeev က ဆိုသည်။

Sanjeev တို့ ဇနီးမောင်နှံက စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကြောင့် နစ်နာကြေးတောင်းခြင်းဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ AK Srivastava က The National သတင်းဌာနကို ပြောခဲ့သည်။

 "အဘိုးအဘွားဖြစ်လာဖို့က မိဘတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ သူတို့က အဘိုးအဘွားဖြစ်လာဖို့ နှစ်တွေနဲ့ချီ စောင့်ဆိုင်းနေခဲ့ကြရတယ်" ဟု ရှေ့နေကဆိုသည်။ 

မိဘတွေက သားနှင့်ချွေးမကို အူတာရက်ခန်းပြည်နယ် Haridwar မြို့တရားရုံးတွင် တရားစွဲဆိုထားပြီး မေလ (၁၇) ရက်နေ့တွင် အမှုကို ကြားနာစစ်ဆေးမည်ဟု မျှော်လင့်ရသည်။

Source: Times of India, BBC, The National