တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွား

တရုတ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွား
နိုဝင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ Zhengzhou မြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းအရ သိရှိရသည်။ 

ရာနှင့်ချီသော စက်ရုံအလုပ်သမားများက ချီတက်ဆန္ဒပြနေကြပြီး အချို့က ရောဂါကူးစက်မှု ကာကွယ်ရေးဝတ်စုံ(PPE) ဝတ်ဆင်ထားသူများနှင့် ရဲတပ်ဖွဲ့တို့နှင့် ထိပ်တိုက်တွေ့ခဲ့သည်ကို ဗီဒီယိုများတွင် တွေ့ရသည်။

ရဲတပ်ဖွဲ့က စက်ရုံအလုပ်သမားများကို ရိုက်နှက်ခဲ့ကြောင်း ဗီဒီယိုရိုက်ကူးပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့သူများက ပြောသည်။ 

ခိုက်ရန်ဖြစ်ပွားမှုများကိုလည်း ဗီဒီယိုများတွင် တွေ့ရသည်။ 

ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ Foxconn က နောက်ထပ် အကြမ်းဖက်မှုများကို တားဆီးရန် အလုပ်သမားများနှင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

Foxconn ၏ ထုတ်ပြန်ချက်တွင် အလုပ်သမားအချို့က လုပ်ခလစာနှင့် ပတ်သက်၍ သံသယရှိခဲ့ကြကြောင်း၊ သို့သော် ကုမ္ပဏီအနေဖြင့် စာချုပ်ပါအတိုင်း လုပ်ခ လစာပေးသွားမည်ဟု ပြောထားသည်။ 

ထို့အတူ အလုပ်အသစ်ခန့်အပ်ခံရသူများကို COVID-19 ကူးစက်ခံရသည့် အလုပ်သမားများနှင့် အဆောင်အတူနေရန် ပြောဆိုမှုများရှိသည်ဆိုသည့် ကောလာဟလ များမှာ မမှန်ကန်ဟုလည်း Foxconn က ဆိုသည်။

အလုပ်သမားအဆောင်များကို ပိုးသတ်ဆေးဖြန်းထားပြီး လူသစ်များ ရောက်မလာမီ ဒေသဆိုင်ရာ အစိုးရအရာရှိများက စစ်ဆေးခဲ့ကြကြောင်း Foxconn က ပြောသည်။ 

ပြီးခဲ့သည့်လအတွင်း COVID-19 ကူးစက်မှုများ မြင့်တက်ခဲ့ရာ Foxconn စက်ရုံကို တင်းကျပ်သည့် lockdown လုပ်ခဲ့ရာ အလုပ်သမားများ စက်ရုံမှထွက်ပြေးပြီး အိမ်ပြန်ခဲ့ကြသည်။

ထိုအခြေအနေကြောင့် ကုမ္ပဏီက အလုပ်သမားအသစ်များကို ဆုကြေးငွေများပေးမည်ဟု မက်လုံးပေး‌ ခေါ်ယူခဲ့ကြောင်း သိရသည်။ 

တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုများတွင် ဆန္ဒပြ အလုပ်သမားများက "ငါတို့အခွင့်အရေးတွေကို ကာကွယ်ကြ" ဟု အော်ဟစ်နေသည်ကို ကြားရသည်။ 

အခြား အလုပ်သမားများက လုံခြုံရေးကင်မရာများနှင့် ပြတင်းပေါက်များကို တုတ်များဖြင့် ရိုက်ခွဲဖျက်ဆီးခဲ့ကြသည်။

"သူတို့က စာချုပ်တွေကို ပြင်ဆင်ခဲ့တော့ သူတို့ ကတိပေးထားတဲ့အတိုင်း ကျွန်တော်တို့ ထောက်ပံ့ကြေး မရတော့ဘူး။ သူတို့က ကျွန်တော်တို့ကို ကွာရန်တင်းလုပ်ထားပေမဲ့ အစားအစာ မထောက်ပံ့ဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ လုပ်အပ်ချက်တွေကို သူတို့ မဖြေရှင်းပေးရန် ဆက်လက်တိုက်ပွဲဝင်နေမယ်" ဟု Foxconn အလုပ်သမားတစ်ဦးက တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့က ရိုက်နှက်မှုကြောင့် ဆန္ဒပြသည့် အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့သည်ကို တွေ့နိုင်ကြောင်းလည်း တိုက်ရိုက်ထုတ်လွှင့်သည့် အမျိုးသားက ပြောသည်။ 

Zhengzhou မြို့ရှိ စက်ရုံတွင် မကြာသေးမီက အလုပ်စဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကလည်း Foxconn က ၎င်းတို့ ကတိပေးထားသည့် စာချုပ်ကို ပြင်ဆင်ခဲ့မှုကြောင့် အလုပ်သမားများ ဆန္ဒပြခဲ့ကြကြောင်း BBC သတင်းဌာနကို ပြောသည်။

အလုပ်သမားအသစ်များက အစောပိုင်း ကူးစက်ဖြစ်ပွားမှုအတွင်း COVID-19 ကူးစက်ခံခဲ့ရသူများထံမှ ရောဂါကူးမည်ကို စိုးရိမ်ပူပန်ခဲ့ကြသည်ဟု ဆိုသည်။ 

"ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေက ထောက်ပံ့ကြေးလိုချင်ပြီး အိမ်ပြန်ချင်ကြတယ်" ဟု အလုပ်သမားတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက Foxconn စက်ရုံတွင် COVID-19 ကူးစက်မှုများ မြင့်တက်နေစဥ် နေထိုင်ရသည့်အခြေအနေ ဆိုးရွားညံ့ဖျင်းကြောင်း စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီး အလုပ်သမားများ စက်ရုံမှ ထွက်ပြေးခဲ့ကြသည်။

Source: BBC

Photo: REUTERS, violazhouyi/Twitter.