တောင်ကိုရီးယားနိုင်ငံအတွင်း လူချမ်းသာရပ်ကွက်နှင့်ကပ်လျက် ဆင်းရဲသားရပ်ကွက်တွင် မီးလောင်မှုကြောင့် လူရာနှင့်ချီ ရွှေ့ပြောင်းရ

တောင်ကိုရီးယားနိုင်ငံအတွင်း လူချမ်းသာရပ်ကွက်နှင့်ကပ်လျက် ဆင်းရဲသားရပ်ကွက်တွင် မီးလောင်မှုကြောင့် လူရာနှင့်ချီ ရွှေ့ပြောင်းရ
ဇန်နဝါရီ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

ဆိုးလ်မြို့၏ ဂန်းနမ်း လူချမ်းသာရပ်ကွက်နှင့်ကပ်လျက် ဆင်းရဲသားရပ်ကွက်တွင် မီးလောင်မှုကြောင့် လူရာနှင့်ချီ ရွှေ့ပြောင်းရ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ကတ်ထူပြားနှင့် သစ်သားတို့ဖြင့် ဆောက်လုပ်ထားသည့် နေအိမ် အလုံး (၆၀) မီးလောင်ပျက်စီးခဲ့ပြီး လူ (၆၀၀) ခန့်ကို မဖြစ်မနေ ရွှေ့ပြောင်းခိုင်းခဲ့ရသည်။ 

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ဆင်းရဲသားရပ်ကွက်မှာ ဆိုးလ်မြို့တော်၏ လူချမ်းသာများ နေထိုင်ကြရာ ဂန်းနမ်းရပ်ကွက်အနီးတွင် တည်ရှိကြောင်းလည်း သိရသည်။

ဒေသစံတော်ချိန် ဇန်နဝါရီလ (၂၀) ရက် နံနက် (၆) နာရီ (၂၇) မိနစ်အချိန်က ဂန်းနမ်းရပ်ကွက်အနီးရှိ Gurong Village တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း Bloomberg သတင်းက ဖော်ပြသည်။

 မီးလောင်မှုကို (၅) နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်းနှင့် ယခုအချိန်အထိ အသေအပျောက်စာရင်း မသိရသေးကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။

နေအိမ် (၆၀၀) ကျော်ရှိပြီး လူဦးရေ (၁,၀၀၀) ခန့် နေထိုင်ကြသည့် Gurong မှာ ဆိုးလ်မြို့တော်၏ နောက်ဆုံးကျန်ရှိနေသော ဆင်းရဲသားနေရာများအနက်မှ တစ်ခုဖြစ်ကာ အာရှ၏ စတုတ္တ စီးပွားရေးအင်အားအကြီးဆုံး တောင်ကိုရီးယားတွင် လူတန်းစားမညီမျှမှု၏ သင်္ကေတဖြစ်လာသည်။

 မီးလောင်မှုကို ရာနှင့်ချီသည့် မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ပါဝင်ငြှိမ်းသတ်ခဲ့ကြပြီး ရဟတ်ယာဥ်များလည်း အသုံးပြုခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။

 

"မီးဖိုချောင်ထဲကနေ မီးအလင်းရောင်တွေ့ပြီး တံခါးဖွင့်လိုက်တယ်။ ဘေးအိမ်ကနေ မီးတွေလောင်နေတာပဲ" ဟု မီးလောင်မှုအတွင်း သူမ၏နေအိမ် မီးလောင်ပြာကျသွားခဲ့ရသည့် အသက် (၇၂) နှစ်အရွယ် Shin အမည်ရှိ အမျိုးသမီးကြီးက Reuters သတင်းဌာနပြောသည်။ 

"ဒါနဲ့ အနီးအနားက နေအိမ်တွေကို တံခါးလိုက်ခေါက်ပြီး မီးလောင်နေပြီလို့ အော်ပြောခဲ့တယ်။ ပြီးတော့ မီးသတ်ဌာန အရေးပေါ်ဖုန်းနံပါတ် ၁၁၉ ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်" ဟု သူမက ဆိုသည်။

Gurong တွင် ၂၀၀၉ ခုနှစ်ကတည်းက မီးလောင်မှု အနည်းဆုံး (၁၆) ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ 

၂၀၁၄ ခုနှစ်တွင် မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရ Gurong နေရာကို ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေး အစီအစဥ်ကို ထုတ်ပြန်ခဲ့သည်။ 

သို့သော် မြေပိုင်ရှင်များ၊ Gurong တွင် နေထိုင်သူများနှင့် အာဏာပိုင်များကြား ဆယ်စုနှစ်တစ်ခုကြာ အငြင်းပွားမှုများ ဖြစ်ပေါ်နေခဲ့ပြီး အစိုးရ၏အစီအစဥ်မှာ အနည်းငယ်မျှသာ တိုးတက်မှုရှိခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ဆိုးလ်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ လုပ်ဆောင်ခဲ့ချိန်က ၎င်းတို့၏ နေအိမ်များမှ အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသူများက Gurong တွင် စတင်နေထိုင်လာခဲ့ကြသည်ဟု တောင်ကိုရီးယားမီဒီယာက ဆိုသည်။ 

တောင်ကိုရီးယားသတင်းဌာန Yonhap ၏ အဆိုအရ Gurong ဆင်းရဲသားရပ်ကွက်တွင် အိမ်ထောင်စု (၆၆၆) ခုခန့်ရှိကြောင်း သိရသည်။

Source: Reuters, Bloomberg

Photo: REUTERS/Kim Hong-Ji