ပထမဆုံး KIA ဌာနချုပ်ဟောင်း နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA သိမ်းပိုက်

ပထမဆုံး KIA ဌာနချုပ်ဟောင်း နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA သိမ်းပိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နားဖော့ဒေသရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းအပါအဝင် စခန်း(၃)ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၁)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်း (၆)ခုကို KIAက ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်စခန်း(၃)ခုကို မတ်လ(၁၈)ရက်နေ့ကတည်းက သိမ်းနိုင်ခဲ့ပြီး ယနေ့တွင် နာ့ဖော့ဗျူဟာစခန်းအပါ စခန်း(၃)ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဘူဂါရှိန်တပ်စခန်း၊ နားဖော့တပ်စခန်းနဲ့ ဗျူဟာစခန်းကို သိမ်းလိုက်ပြီ။ စခန်းက (၆)ခုရှိတယ်လေ။ စခန်း(၃)ခုက (၁၈)ရက်နေ့တုန်းက သိမ်းလိုက်ပြီ။ ဒီနေ့မနက်တော့ ဗျူဟာမှူးထိုင်တဲ့ စခန်းအပါ စခန်း(၃)ခုလုံးကို ထပ်သိမ်းတာပေါ့။”ဟု KIA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agencyကိုပြောသည်။

နားဖော့ဒေသသည် လိုင်ဇာနှင့် လိုင်စင်ဒေသကြားတွင်ရှိပြီး နားဖော့သည် KIA တပ်ဖွဲ့၏ ပထမဆုံး ဌာနချုပ်ဖြစ်ခဲ့ကာ ၁၉၈၇ ခုနှစ်ဝန်းကျင်တွင် စစ်တပ်က ဝင်ရောက်သိမ်းပိုက်၍ အဆိုပါတပ်စခန်း(၆)ခုဖြင့် တပ်စွဲခဲ့ခြင်းကြောင့် KIA ဌာနချုပ်ကို လိုင်စင်ဒေသ၊ ယင်းမှတဆင့် လိုင်ဇာဒေသသို့ ပြောင်းလဲတပ်တည်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

“နားဖော့ဆိုတာ လိုင်ဇာနဲ့ လိုင်စင်ဒေသကြားမှာရှိတယ်။ လိုင်စင်ဒေသက ဝိုင်းမော်မြို့နယ်ဘက်နဲ့နီးတယ်။ အခုက ဗျူဟာကုန်းအပါအဝင် အကုန်လုံးကို သိမ်းလိုက်တာ။ ဗျူဟာမှူးကို ဖမ်းမိ၊ မမိကတော့ မသိရသေးဘူး။ အခု နားဖော့မှာ စစ်ကောင်စီတပ်စခန်းမရှိတော့ဘူး။ ကုန်ပြီ။”ဟု ၎င်းကဆက်ပြောသည်။ 

နားဖော့ဒေသရှိ စစ်ကောင်စီတပ်စခန်းများသည် အဆိုပါဒေသတွင် တပ်စွဲနေသည်မှာ (၃၈)နှစ်ခန့်ရှိပြီဖြစ်ပြီး နားဖော့ဒေသရှိ တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ခုနှစ် မတ်လ (၁၇)ရက်ကတည်းက KIA အမှတ်(၅) တပ်မဟာ တပ်ရင်းများက   ထိုးစစ်ဆင်  တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ(၇)ရက်မှစတင်ကာ KIAသည် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေရာ စစ်ကောင်စီတပ်စခန်း (၄၀)ဝန်းကျင်ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency