တိတ်ဆိတ်သပိတ် ပြုလုပ်မည့် နေ့တွင် စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန်က စက်ဘီးစီးပြိုင်ပွဲ ကျင်းပရန် စီစဉ်နေ

တိတ်ဆိတ်သပိတ် ပြုလုပ်မည့် နေ့တွင် စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန်က စက်ဘီးစီးပြိုင်ပွဲ ကျင်းပရန် စီစဉ်နေ
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

တစ်နိုင်ငံလုံး နေအိမ်ပြင်ပ မထွက်ခြင်း တိတ်ဆိတ်သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မန္တလေးမြို့တော်ဝန်က စက်ဘီးစီးပြိုင်ပွဲကို အဆိုပါနေ့၏ မွန်းလွဲပိုင်းတွင် ကျင်းပရန်အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်နေကြောင်း သိရသည်။

စက်ဘီးစီးပြိုင်ပွဲများကို ပုံမှန်အားဖြင့် နံနက်အစောပိုင်းများမှာသာ ပြုလုပ်လေ့ရှိသော်လည်း ယခုအခါတွင် မန္တလေးမြို့၌ ဖေဖော်ဝါရီလ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်များကိုလည်း ပြိုင်ပွဲမစမီ မိနစ်(၃၀)အလိုအထိ လာရောက် စာရင်းပေးနိုင်သည်ဟု အသိပေးထားသည်ကို တွေ့ရသည်။ 

ဒါကတော့ သက်သက် ကြံစည်တာပါ။ ခါတိုင်းက စက်ဘီးစီးပြိုင်ပွဲကို မနက်စောပိုင်းတွေမှာ လုပ်တာ။ အခုက မွန်းလွဲပိုင်းဆိုတော့ အကွက်ကျကျကိုလုပ်တာ၊ တိတ်ဆိတ်သပိတ်ကို ဖျက်ချင်လို့ ဉာဏ်နီ ဉာဏ်နက် သုံးကြတာ။ ဒီပွဲမှာ ပါဝင်တဲ့သူတွေကတော့ ဘယ်လိုလူတွေက ပါမလဲဆိုတာ စောင့်ကြည့်တာပေါ့

ဟု မန္တလေးမြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြောသည်၊။

နိုင်ငံ့အာဏာသိမ်းခံထားရသည့် တစ်နှစ်ပြည့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အချိန်(၆)နာရီအတွင်းသာ နေအိမ်ပြင်ပ မထွက်ခြင်းဖြင့် တိတ်ဆိတ်သပိတ်တွင် ပါဝင်ကြရန် ပြည်သူမှ ပြည်သူသို့ အသိပေးနှိုးဆော်ထားကြခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဈေးနှင့်ဆိုင်ခန်းများ မဖွင့်မနေရ လိုက်လံခြိမ်းခြောက်နေမှုကြောင့် ဈေးသည်များအနေဖြင့် ဆိုင်များကို ဖွင့်ထားကြပြီး ပြည်သူများအနေဖြင့် သတ်မှတ်အချိန်အတွင်း ဈေးသွားမဝယ်ကြရန်သာ အဓိက ဖြစ်သည်ဟု အသိပေးထားကြသည်ကို တွေ့ရသည်။