NLD နာယက သူရဦးတင်ဦး၏ သင်္ကန်းကပ်လှူခြင်းအား ရွှေညဝါဆရာတော်ကြွရောက်

NLD နာယက သူရဦးတင်ဦး၏ သင်္ကန်းကပ်လှူခြင်းအား ရွှေညဝါဆရာတော်ကြွရောက်
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက သူရဦးတင်ဦး၏ သင်္ကန်းကပ်လှူခြင်းအား ရွှေညဝါဆရာတော် ကြွရောက်ခဲ့ကြောင်း ဆရာတော်က ၂၀၂၄ ခုနှစ် ဖော်‌ဖော်ဝါရီလ (၁၉)ရက်နေ့တွင် အသိပေးထားသည်။

ရန်ကုန်ဆေးရုံကြီး၌ ဆေးရုံတင်ထားရသည့် သူရဦးတင်ဦးထံ ကြွရောက်ခဲ့ပြီး ဒေါက်တာမျိုးညွန့်အပြင် အခြားသောသူများက ကြိုဆိုပေးခဲ့ကြသည်ဟု သိရသည်။

"တွေ့တာနဲ့ ဒကာကြီးဦးတင်ဦးက မျက်လုံးတွေရော လက်တွေရော ဂါရဝပြုကြိုဆိုဦးတော်လုပ်ပါတယ်။ စကားတွေတော့ မပီမသပြောရှာပါတယ်။ နဂိုကထဲက ကြွနေတွေ့နေကြမို့ ကောင်းကောင်းမှတ်မိပါတယ်။ သတိအသိ မလွတ်သေးပါ။ တပည့်သံဃာတွေနဲ့ တစ်လုံးချင်း မေတ္တာနှလုံးသွင်း၍ ဆုတောင်းမေတ္တာပို့တာကိုခံယူပါတယ်။မိမိလက်ကို ပွတ်သပ်ပြီး မျက်နှာကိုစိုက်ကြည့်နေပါတယ်။ သိပ်ကြည်နူးနေပုံပါ။"ဟု ရွှေညဝါဆရာတော်က သူရဦးတင်ဦး၏ ကျန်းမာ‌ရေးအခြေအနေကို လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

သူရဦးတင်ဦးသည် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ရာသီတုပ်ကွေးပုံစံ ရောဂါလက္ခဏာ ခံစားရခြင်း‌ကြောင့် ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်လိုက်ရသည်ဟု သိရသည်။ 

ကျန်းမာရေးအခြေအနေမှာ ဆိုးရွားမှုမရှိသဖြင့် စိုးရိမ်စရာအခြေ အနေမဟုတ်ဟုလည်း ၎င်းနှင့်နီးစပ်သူများက‌ပြောဆိုထားသည်။ 

သူရဦးတင်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။

နောက်ပိုင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖြစ် တာဝန်ယူခဲ့ပြီး အသက်(၉၇)နှစ်အရွယ်ရှိနေပြီဖြစ်ကာ ကျန်းမာရေးကြောင့် သွားလာလှုပ်ရှားမှု မလုပ်နိုင်ဟု သိရသည်။

#TachileikNewsAgency