တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံရသည့် မြန်မာလူငယ် (၄၈၀)ကျော်ကို စတင်လွှတ်ပေးနေ

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံရသည့် မြန်မာလူငယ် (၄၈၀)ကျော်ကို စတင်လွှတ်ပေးနေ
မတ် 18, 2024 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံရသည့် မြန်မာလူငယ် (၄၈၀)ကျော်ကို စတင်လွတ်ပေးနေတာချီလိတ်မြို့  1G1 အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းမိထားသည့် မြန်မာလူငယ် (၅၄၀)အနက် လွှတ်ပေးရန် ကျန်ရှိသည့် လူငယ် (၄၈၀)ကျော်ကို ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၈)ရက်နေ့က စပြီး လွှတ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

အာမခံဖြင့် ပြန်လည်လွှတ်ပေးရန်အတွက်  သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူ၊ အပါအဝင် အိမ်ထောင်စုစာရင်း ရှိသူ (၂)ဦး၏ အာမခံထောက်ခံစာ လိုအပ်မည်ဖြစ်ပြီး ကာယကံရှင်အနေဖြင့်  ခံဝန်လက်မှတ်ရေးထိုးပြီးနောက် ပြန်လွှတ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင်  ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများထဲက အသက်(၁၈)နှစ်အောက် လူငယ် (၅၀)ကျော်ကို မတ်လ(၈)ရက်နေ့က လွှတ်ပေးလိုက်ပြီးနောက် ယခုအခါတွင် ကျန်ရှိသည့် (၄၈၀)ကျော်ကို အာမခံဖြင့် ခံဝန်ကတိလက်မှတ်ထိုးစေပြီး လွှတ်ပေးနေခြင်း ဖြစ်သည်။

"အခုညနေမှာ တော်တော်များများ လွှတ်လာပြီ။ အကုန်လုံးကို လွှတ်ပေးမယ်လို့ ပြောတယ်။ အခုလို ပြန်လွှတ်လာတဲ့အတွက် အရမ်းဝမ်းသာလိုက်တာရှင်။ ကလေးတွေအတွက်လည်း အခုမှ စိတ်အေးရတယ်။ လွှတ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်"ဟု ဖမ်းခံရသည့် လူငယ်တစ်ဦး၏ မိခင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

 အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းခံထားရသူအားလုံးမှာ ဖမ်းဆီးခံထားရသည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က စ၍ မတ်လ(၁၈)ရက်နေ့အထိ ရက်ပေါင်း (၂၅)ရက် တိတိမြောက်နေ့တွင် ပြန်လည် လွှတ်မြောက်လာခြင်းလည်း ဖြစ်သည်။ 

ကျန်ရှိသည့် ထိုင်းနိုင်ငံသားများကိုလည်း မကြာခင်တွင် ထိုင်းဘက်သို့  မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။