တာချီလိတ်မြို့နယ်အတွင်း ကာကွယ်ဆေးများထိုးရန် လိုအပ်သည့် (၁၅) နှစ်အောက်အရွယ်များကို သြဂုတ်လ(၂၇)ရက်နေ့က စ၍ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးမည်

တာချီလိတ်မြို့နယ်အတွင်း ကာကွယ်ဆေးများထိုးရန် လိုအပ်သည့် (၁၅) နှစ်အောက်အရွယ်များကို သြဂုတ်လ(၂၇)ရက်နေ့က စ၍ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးမည်
သြဂုတ် 26, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ကာကွယ်ဆေးများထိုးရန် လိုအပ်သည့် (၁၅) နှစ်အောက်အရွယ်များကို သြဂုတ်လ(၂၇)ရက်နေ့က စ၍ ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးနှံပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက် ကလေးငယ် (၁၀,၀၀၀) ကျော်ကို ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့မှစတင်ပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် ထိုးနှံပေးသွားမည်ဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းခတ်နှင့် မိုင်းယောင်းတို့တွင် ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ ကာကွယ်ဆေးမထိုးရသေးသူများ၊ အကြိမ်ရေမပြည့်သူများ ဖြစ်သည်ကိုတွေ့ရသဖြင့် အဆိုပါ ဒေသများတွင် အမှီလိုက်ကာကွယ်ဆေးများ ထိုးနှံပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
"အရေးကြီးဆုံးက ဒီရောဂါသည် ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့  ရောဂါထဲမှာပါတယ်။  ရှေ့ပိုင်းမှာ ကာကွယ်ဆေးတွေ ထိုးခဲ့တယ်။ ထိုးခဲ့တဲ့အထဲမှာမှ အပေါက်ဖြစ်သွားတဲ့နေရာတွေ။ ကျန်ခဲ့တဲ့ ကလေးတွေစာရင်း ပေါ်လာအောင်လုပ်ရပါတယ်။ စာရင်းအရ (၁၀,၀၀၀) ကျော်ရှိပါတယ်။ (၁၅) နှစ်အောက်ကလေးတွေပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အမှီလိုက်ကာကွယ်ဆေးမှာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များတွင် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေး မထိုးဖူးခြင်းနှင့် ကာကွယ်ဆေး အကြိမ်ရေပြည့်အောင် မထိုးရသေးသူများကို  ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ဖြစ်သည်။
အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့၊ တာလေမြို့နှင့် ကျိုင်းလပ်မြို့များရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် စုရပ်များသတ်မှတ်ကာ ထိုးနှံပေးသွားမည်ဖြစ်ပြီး COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးမည်ဟု သိရသည်။
"အခုထိုးတဲ့ကာကွယ်ဆေးတွေက အစိုးရကနေထောက်ပံ့လို့ ထိုးနိုင်တာ။ အခုထိုးတဲ့ကာကွယ်ဆေးတွေထဲမှာ ဈေးအရမ်းကြီးတာတွေပါတယ်။ အစိုးရကနေ (၂) လ၊ (၄) လ၊ (၆) လမှာထိုးတဲ့ ဆုံဆို့ပါတဲ့ ကာကွယ်ဆေးတစ်လုံးက အပြင်မှာဝယ်ထိုးမယ်ဆိုရင် ဆေးတစ်လုံးကို ကျပ်နဲ့ဆို (၆၀,၀၀၀) ကနေ (၉၀,၀၀၀) ထိရှိတယ်။ ဘတ်နဲ့ဆိုရင် (၂,၅၀၀) ကနေ (၃,၅၀၀) ထိယူတယ်။ အဲဒီဆေးတွေကို အစိုးရက အလကားထိုးပေးနေတာ။ အသက် တစ်နှစ်ခွဲမှာထိုးတဲ့ (၅) မျိုးစပ်ဆေးဆိုလည်း တစ်လုံးကို အနည်းဆုံး ကျပ် (၄၀,၀၀၀) ကနေ (၆၀,၀၀၀) အထိရှိတယ်။ အပြင်မှာထိုးရင် ဘတ် (၁,၅၀၀) ကနေ (၂,၀၀၀) ထိရှိတယ်"ဟု ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လက်ရှိတွင် တာချီလိတ်အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်း၌ ဖြစ်ပွားနေသည့် ဆုံဆို့နာရောဂါအပါအဝင် ကာကွယ်နိုင်သည့် ရောဂါများအတွက် ကာကွယ်ဆေးကို မွေးစမှစ၍ အသက်အရွယ်အလိုက် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် အခမဲ့ထိုးနှံပေးနေခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမရသူများ ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~