တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် လူငယ် (၄၈၀)ကျော်ကို အာမခံဖြင့် ပြန်လွတ်မည်။ ဒေသခံမဟုတ်သည့် လူငယ်များအတွက် အာမခံ အခက်အခဲရှိနေ

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် လူငယ် (၄၈၀)ကျော်ကို အာမခံဖြင့် ပြန်လွတ်မည်။ ဒေသခံမဟုတ်သည့် လူငယ်များအတွက် အာမခံ အခက်အခဲရှိနေ
မတ် 18, 2024 | ရှမ်းရှေ့

 တာချီလိတ်မြို့  1G1 အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းမိထားသည့် မြန်မာလူငယ် (၅၄၀)အနက် အသက် (၁၈)နှစ်အထက် (၄၈၀)ကျော်ကို  မတ်လ(၁၈)ရက်နေ့က စပြီး အာမခံဖြင့် ပြန်လွတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေရာ နယ်ဝေးမှာ လူငယ်များအတွက် အာမခံ အခက်အခဲရှိနေကြောင်း သိရသည်။ 

"တနင်္လာနေ့ ကလေးတွေ ပြန်လွတ်မယ်လို့ အဲ့မှာ ရှိနေတဲ့ တာဝန်ရှိသူတွေက ပြောတော့ ကလေးတွေလည်း ပျော်လို့လက်ခုပ်တွေတီး ပျော်နေကြတာ။ အာမခံ (၂)ယောက်ခေါ်လာရမယ်။ အာမခံတဲ့သူက အိမ်ပိုင်ရှိရမယ်။ ရပ်ကွက်ထောက်ခံစာ ယူလာရမယ်လို့ ပြောတယ်။ အိမ်ပိုင်မရှိသူတွေကို ဘယ်လို စီစဉ်ပေးမလဲမသိဘူး။ နောက်ပြီး ဖမ်းခံရတဲ့သူတွေမှာ တာချီလိတ်ဒေသခံ မဟုတ်ဘဲ အခြားနယ်က လာတဲ့ ကလေးတွေလည်းပါတယ်။ သူတို့အတွက်ရော ဘယ်လို စီစဉ်ပေးမလဲမသိဘူး။ နယ်ခံမဟုတ်တဲ့ လူငယ်တွေအတွက်တော့ အခက်အခဲ ဖြစ်နိုင်တယ်"ဟု ဖမ်းခံထားရသည့် လူငယ် မိဘတစ်ဦးက Tachileik News Agency သို့ မတ်လ(၁၇)ရက်နေ့ တွင် ပြောသည်။

ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် (၅၄၀)အနက် အသက်(၁၈)နှစ်အောက် အမျိုးသား (၄၀)ဦး နှင့် အမျိုးသမီး (၁၈)ဦး စုစုပေါင်း (၅၈)ဦးကို မတ်လ(၈)ရက်နေ့က ပြန်လည်လွတ်ပေးပြီးနောက် ကျန်ရှိသည့် (၄၈၂)ဦးကို အာမခံဖြင့် မတ်လ(၁၇)ရက်နေ့က စပြီး ပြန်လွတ်ပေးမည်ဖြစ်ကြောင်း မတ်လ(၁၅)ရက်နေ့က အသိပေးထားသည်ဟု သိရသည်။

'အခုလို ပြန်လွတ်မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာတယ်ဗျာ။ ကလေးတွေလည်း အတော်ပျော်နေကြတယ်။ ဒေသခံ လူငယ်တွေကတော့ နီးစပ်ရာ အာမခံ ရနိုင်ပေမဲ့ ကျိုင်းတုံတို့ တခြားမြို့တို့က လူငယ်တွေအတွက်တော့ အာမခံက လွယ်ပါ့မလားမသိဘူး'ဟု မိဘတစ်ဦးက ပြောသည်။

 အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းခံထားရသူအားလုံးမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့က စ၍ မတ်လ(၁၇)ရက်နေ့အထိ ရက်ပေါင်း (၂၄)ရက်ကြာမြင့်နေပြီဖြစ်သည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင်  ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားမဟုတ်သည့် ထိုင်းနိုင်ငံသားများကိုလည်း လဝက က စစ်ဆေးပြီးနောက် အထက် အညွှန်ကြားချက်  ကျလာပါက ထိုင်းဘက်သို့ တရားဝင်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။