မယ်ဆိုင်က မြန်မာကုန်တင်ယာဉ်များအား ကန့်သတ်သည့်နည်းတူ တာချီလိတ်ဘက်က ပြန်လည်ကန့်သတ်မှုကြောင့် ထိုင်းကုန်သည်များက မယ်ဆိုင်မြို့ပိုင်အား ဖြေရှင်းပေးရေး တောင်းဆိုနေ

မယ်ဆိုင်က မြန်မာကုန်တင်ယာဉ်များအား ကန့်သတ်သည့်နည်းတူ တာချီလိတ်ဘက်က ပြန်လည်ကန့်သတ်မှုကြောင့် ထိုင်းကုန်သည်များက မယ်ဆိုင်မြို့ပိုင်အား ဖြေရှင်းပေးရေး တောင်းဆိုနေ
စက်တင်ဘာ 17, 2020
By Tachileik News Agency
မယ်ဆိုင်က မြန်မာကုန်တင်ယာဉ်များအား ကန့်သတ်သည့်နည်းတူ တာချီလိတ်ဘက်က ပြန်လည်ကန့်သတ်မှုကြောင့် ထိုင်းကုန်သည်များက မယ်ဆိုင်မြို့ပိုင်အား ဖြေရှင်းပေးရေး တောင်းဆိုနေ
တာချီလိတ် - မယ်ဆိုင် ကုန်သွယ်ရေးတွင် မြန်မာဘက်မှ ကုန်တင်ယာဉ်စီးရေကို မယ်ဆိုင်ဘက်က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့တွင် စတင်ကန့်သတ်လိုက်သည့်နည်းတူ တာချီလိတ်ဘက်ကလည်း ပြန်လည်ကန့်သတ်လိုက်သဖြင့် မယ်ဆိုင်ဘက်၌ ကုန်တင်ယာဉ်စီးရေ ရာနှင့်ချီ ပိတ်မိနေ၍ မယ်ဆိုင်ကုန်သည်များက မယ်ဆိုင်မြို့ပိုင်ထံတွင် ဆန္ဒပြတောင်းဆိုနေကြကြောင်း သိရသည်။
"ထိုင်းဘက်မှာ ကျွန်တော်တို့ဘက်ကို ကူးမရတဲ့ ယာဉ်စီးရေ ရာကျော်နေလို့ ထိုင်းကုန်သည်တွေက တော်တော်လေးကို အဆင်မပြေမှုဖြစ်လို့ အခုမယ်ဆိုင်မြို့ပိုင်ရုံးမှာ စုပြီးတော့ ဆန္ဒပြနေကြတယ်။ ပြီးတော့ ဆီဘောက်ဆာကားတွေ မယ်ဆိုင်မြို့ပိုင်ရုံးမှာ အစီး (၃၀)လောက်ရှိတယ်။ ရပ်ပြီး ဆန္ဒပြနေကြတယ်လို့ သိရတယ်။"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း၏  ဥက္ကဌ ဦးစိုင်းစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၇)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။
COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံကြား ကူးသန်းသွားလာမှု ယာယီပိတ်ထားပြီး ကုန်သွယ်မှုအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှ ကုန်တင်ယာဉ်မောင်း တစ်ဦးစီသာပါဝင်သည့် နှစ်နိုင်ငံ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုထားခဲ့ရာမှ မယ်ဆိုင် တာဝန်ရှိသူများက စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ တာချီလိတ်ဘက်မှ မော်တော်ယာဉ် (၆)စီးကိုသာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး မယ်ဆိုင်ဘက်အဝင်တွင် ယာဉ်မောင်းလဲ၍ မောင်းနှင်စေရန် နှစ်နိုင်ငံညှိနှိုင်းသဘောတူညီချက်မပါဘဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မယ်ဆိုင်ဘက်မှ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာချီလိတ်ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာချီလိတ်မှ လုပ်ငန်းရှင်များက စက်တင်ဘာလ (၁၆)ရက်နေ့၌ ဆွေးနွေးညှိနှိုင်းပြီး တာချီလိတ်ဘက်ဝင်မည့် ထိုင်းကုန်တင်ယာဉ်များကို မယ်ဆိုင်နည်းတူ ကန့်သတ်မှုဖြင့် တုန့်ပြန်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
"အခုက ကျွန်တော်တို့ဘက်က ပြန်ပြီးသတ်မှတ်လိုက်တာပေါ့။ ရှင်းရှင်းပြောရရင် သူတို့စလိုက်တဲ့ ဇာတ်လမ်းပဲလေ။ သူတို့က မြန်မာကားကို (၆)စီးပေးသွားမယ်။ သူတို့ဘက်က ထိုင်းနံပါတ်တပ်ထားတဲ့ကားက အစီးပေါင်း (၂၀၀)ကျော်ကနေ အခု (၁၆၂)စီး ကူးလာမယ်ဆိုတော့ ဒီဘက်ကလည်း ဒါကတော့ သာတူညီမျှမှု မရှိဘူး။ သူတို့ဘက်က (၁၆၈)စီးလာရင် ဒီဘက်ကလည်း (၁၆၈)စီး သွားခွင့်ရရမှာပေါ့။ အခုက သူတို့က တို့ဆီက (၆)စီးပဲပေးသွားမယ်ဆို တို့ဆီလည်း (၆)စီးပဲ ပေးလာမယ်ဆိုပြီးတော့ ကျွန်တော်တို့ဘက်က သတ်မှတ်လိုက်တော့ ဒီမနက် စောစော တံခါးဖွင့်လိုက်ချင်းမှာပဲ ဝင်လာတဲ့ (၆)စီးက အသီးအရွက်ကားတို့၊ သားငါးတင်တဲ့ကားတို့ ဝင်လာတယ်။ သူတို့ကျတော့ စာရွက်စာတမ်းလုပ်စရာမလိုတော့ အစောဆုံး ဝင်လာနိုင်တာပေါ့။ ခုနပြောတဲ့ ဘိလပ်မြေကား၊ အိမ်ဆောက်ပစ္စည်း၊ ဆီဘောက်ဆာ၊ လူသုံးကုန်တွေကျတော့ export အတွက် စာရွက်စာတမ်းလုပ်ရတော့ ရုံးဖွင့်ချိန် ထိုင်း (၈)နာရီမှာ စာရွက်စာတမ်းလုပ် အစောဆုံး ထိုင်း (၈)နာရီခွဲမှပြီးတာဆိုတော့ သူတို့က ဒီ (၆)စီးထဲမှာ ဘယ်လိုမှ ပါနိုင်မှာ မဟုတ်တဲ့အတွက် ဒီနေ့ကုန်ကားတွေ တစ်စီးမှ မကူးနိုင်ဘူး။ ဝင်လာတဲ့ (၆)စီးကိုတော့ ဒီဘက်မှာ မြန်မာယာဉ်မောင်းနဲ့လဲပြီးတော့ အခေါက်ခေါက်အခါခါ သယ်ခွင့်တော့ ပြုထားတာပေါ့နော်။ ဒါပေမဲ့ ခါတိုင်း တစ်ရက်တစ်ရက် ပုံမှန်ကူးနေတာက ပေါင်မုန့်ကား အစီးပေါင်း (၂၀၀)ကျော်ရှိပြီးတော့ ကုန်တင်ကားကြီးပေါင်း အမျိုးစုံက အစီးပေါင်း (၁၀၀)ကျော်ရှိတယ်။ အဲဒီတော့ ပုံမှန်အားဖြင့် အစီးရေ (၃၀၀)ကျော် ဖြတ်သန်းနေရာကနေ (၆)စီးပဲဆိုတော့ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း၏  ဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။
ယင်းကဲ့သို့ ယာဉ်စီးရေကန့်သတ်မှုကြောင့် တာချီလိတ်ဘက်တွင် ကုန်ဈေးနှုန်းများ မတက်စေရန် လိုအပ်သည့်ကုန်ပစ္စည်းများအား အခြားဒေသများမှ သယ်ယူပို့ဆောင်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောကြားထားပြီး လတ်တလောတွင်လည်း တာချီလိတ်ဈေးကွက်အနေဖြင့် အပြောင်းအလဲမရှိနိုင်သေးကြောင်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဌက သုံးသပ်ထားသည်။
" ကျွန်တော်တို့ဘက်မှာ မဖြစ်ဘူးလားဆိုတော့ ရုတ်တရက်တော့ မဖြစ်သေးဘူးပေါ့ဗျာ။ နောက်ပိုင်းမှာတော့ ပစ္စည်းတွေ ပြတ်လပ်လာရင်တော့ အခွင့်ကောင်းယူပြီး ကုန်ဈေးနှုန်းတက်တာတွေတော့ ဖြစ်လာနိုင်တာပေါ့ဗျာ။ demand (ဝယ်လိုအားက) ပစ္စည်းတစ်မျိုးက ခါတိုင်းဆိုရင် အခု(၁၀၀၀)ဝင်နေတာ သုံးနေတာ အခု(၁၀၀၀)ရှိနေရာကနေ အခု ဝင်တာက အခု(၁၀၀) သုံးတာက အခု (၁၀၀၀)ဆိုရင်တော့ ဈေးတွေက တက်သွားမှာပေါ့။ အဓိကကတော့ သူတို့ဘက်က ဖြေလျော့ပြီးတော့ အချိန်မီလာညှိရင်တော့ အဆင်ပြေသွားမှာပေါ့ဗျာ"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း၏  ဥက္ကဌ ဦးစိုင်းစိုင်းက ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင် ကုန်တင်ယာဉ်အကန့်အသတ်ဖြင့် စတင်ဖြတ်သန်းခွင့်ပြုသည့် စက်တင်ဘာလ (၁၇)ရက်နေ့၌ တာချီလိတ်ဘက်ခြမ်းမှ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း လုပ်ငန်းများ အဆင်ပြေစေရေး ကြီးကြပ်ပေးနေကြပြီး မြန်မာဘက်မှ ကုန်တင်မည့် ကုန်တင်ယာဉ်မောင်းများကလည်း သတ်မှတ်စည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်ကို တွေ့ရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~