ဗုံးပစ်ပေါက်ခွဲခံရသည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် သဲမြေကျောက်အိတ်များအထပ်ထပ်ကာရံထားပြီး လမ်းပိုင်းကို ပြန်ဖွင့်ထား

ဗုံးပစ်ပေါက်ခွဲခံရသည့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် သဲမြေကျောက်အိတ်များအထပ်ထပ်ကာရံထားပြီး လမ်းပိုင်းကို ပြန်ဖွင့်ထား
ဧပြီ 6, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အပိုင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွင်းသို့ ဗုံးပစ်ပေါက်ခံရပြီးနောက် လမ်းပိုင်းအား ပိတ်ထားပြီး (၆)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် လမ်းပြန်ဖွင့်ပေးလိုက်ပြီး ရုံးရှေ့တွင် သဲမြေကျောက်အိတ်များအထပ်ထပ် နှင့် သံဆူးကြိုးများကာရံထားသည်ကိုလည်း တွေ့ရသည်။

၂၀၂၁ခုနှစ် ဧပြီလ(၁)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အတွင်း ဗုံးပစ်ပေါက်ခွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း မှန်အချို့ ကွဲသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ သွားလမ်းအား ချက်ခြင်းပိတ်ထားလိုက်ပြီး ရုံးရှေ့တွင် လူတစ်ရပ်စာခန့် သဲမြေကျောက်အိတ်များဖြင့် ကာရံထားလိုက်သလို လမ်းအတားများလည်း ချထားသည်ကို တွေ့ရသည်။

ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ လမ်းပိုင်းအား မတ်လအတွင်းက စတင်ကာ ည(၆)နာရီဆိုလျှင် ပိတ်ထားနေရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နေ့ရောညပါ ရက်ရှည်ပိတ်ထားခဲ့လိုက်ပြီးနောက် ယနေ့ ဧပြီလ(၆)ရက်နေ့တွင် VIP ခရီးစဉ်တစ်ခုကြောင့် ပြန်ဖွင့်ခြင်း ဖြစ်၍ လမ်းပိုင်းအား ပြန်လည်ပိတ်နိုင်ခြေ ရှိကြောင်းလည်း သိရသည်။