တာချီလိတ်မြို့၏ လေထု ညစ်ညမ်းမှု အခြေအနေ ခရမ်းရောင်အဆင့်ကနေ အညိုရောင်အဆင့် ရောက်လုနီး ဖြစ်နေ

တာချီလိတ်မြို့၏ လေထု ညစ်ညမ်းမှု အခြေအနေ ခရမ်းရောင်အဆင့်ကနေ အညိုရောင်အဆင့် ရောက်လုနီး ဖြစ်နေ

 နှစ်စဉ် မတ်လရောက်တိုင်း တောမီးခိုးများ ဖုံးလွှမ်းမှုကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို ဆိုးရွားစွာ ခံရလေ့ရှိသည့် တာချီလိတ်မြို့တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းအထိ လေထုညစ်ညမ်းမှုအခြေအနေမှာ ခရမ်းရောင်အဆင့်ကနေ အညိုရောင်အဆင့်သို့ ရောက်လုနီးသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။ 

 

၂၀၂၄ခုနှစ် မတ်လ(၁၆)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့ နံနက်(၇)နာရီအချိန်အထိ (၂၄)နာရီအတွင်း တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ တိုင်းတာချက်များအရ  တာချီလိတ်မြို့၏ လေထုအရည်အသွေး (  Air Quality Index - AQI )မှာ (၂၈၁)အထိ ရှိနေ၍ ခရမ်းရောင်အဆင့်၏ အမြင့်ဆုံးအထိ ဖြစ်နေသည်ကို တွေ့ရသည်။

လေထုအရည်အသွေး (  Air Quality Index - AQI ) အညွှန်းပြကိန်းဂဏန်းများအနေဖြင့် AQI 201 -300 အထိ ခရမ်းရောင်အဆင့် သတ်မှတ်ထားပြီး AQI 301 -500 အထိကို အညိုရောင်အဆင့်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ရာ မတ်လ(၁၇)ရက်နေ့၏ တိုင်းတာချက်အရ အညိုရောင်အဆင့်သို့ ရောက်ရှိရန် (၁၉)သာ လိုတော့သည့် အနေအထားကို တွေ့ရသည်။

 

တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး"ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက အသိပေးထားရှိသည်။

တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ကျိုင်းတုံမြို့အတွက် တိုင်းတာချက်အရ မတ်လ(၁၇)ရက်နေ့ နံနက်(၇)နာရီအထိ လေထုအရည်အသွေး (  Air Quality Index - AQI )မှာ AQI 200 ဖြစ်နေ၍ အနီရောင်အဆင့်ရှိကြောင်း သိရသည်။