ရှမ်း(ရှေ့)ရှိ မိုင်းဆတ်အကျဉ်းထောင်မှ (၃)ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ

ရှမ်း(ရှေ့)ရှိ မိုင်းဆတ်အကျဉ်းထောင်မှ (၃)ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရ
ဧပြီ 17, 2023 | ရှမ်းရှေ့

 မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှ အကျဉ်းချခံရသူများ  မြန်မာ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၃၀၁၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသူ အကျဉ်းသား စုစုပေါင်း (၉၈)ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်အကျဉ်းထောင်မှ (၃)ဦး ပါဝင်ကြောင်း သိရသည်။ 

မတရားဖမ်းဆီးထောင်ချခံရသည့် နိုင်ငံ့ရေးအကျဉ်းသားများမရှိဘဲ မူးယစ်ဆေးအမှုနှင့် အခြားအမှုများဖြင့်သာ အကျဉ်းချထားသည့် မိုင်းဆတ်အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများအနက် အကျဉ်းသား(၃)ဦးကို မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနိုင်လင်းထွန်းတို့အဖွဲ့က ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်လက်မှတ်များ ပေးအပ်ပြီး လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း၌ ကျိုင်းတုံအကျဉ်းထောင် နှင့် မိုင်းဆတ်အကျဉ်းထောင်ဟူ၍ အကျဉ်းထောင်(၂)ခု ရှိရာတွင် မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ကျိုင်းတုံအကျဉ်းထောင်တွင် ထားရှိရာ ယနေ့  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွင် ၎င်းတို့ ပါဝင်ခြင်း ရှိမရှိ နှင့် လူဦးရေ မည်မျှလွတ်သည်ကိုတော့ မသိရသေးပေ။